ကမ္ဘာ အဆိုးဆုံး ကာလဝမ်း ကပ်ရောဂါ ယီမင်မှာ ဖြစ်နေ

  • 24 ဇွန် 2017
Image caption ယီမင် နိုင်ငံထဲ ကျန်းမာရေး စောင့်ရှောက်မှု ယန္တရား လုံးဝ ပျက်စီးနေ

ယီမင် နိုင်ငံမှာ ကာလဝမ်း ကူးစက် ခံထား ရတယ်လို့ သံသယ ရှိရသူ လူနာပေါင်း အယောက် နှစ်သိန်း အထိ တွေ့လာရတယ် ဆိုပြီး ကုလသမဂ္ဂက အရေးတကြီး သတိပေးစာ ထုတ်ပြန် လာပါတယ်။

ကမ္ဘာပေါ် အဆိုးရွားဆုံး ကာလဝမ်း ကပ်ရောဂါ ကူးစက်မှုဒဏ် ယီမင် နိုင်ငံ တွေ့ကြုံ နေရပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO နဲ့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ ယူနီဆက်ဖ်တို့ကလည်း ထုတ်ပြန် ထားပါတယ်။

ဒီ ကူးစက်မှုကြောင့် ယီမင်နိုင်ငံထဲ လူပေါင်း တစ်သောင်းသုံးထောင် အသက် ဆုံးရှုံး ခဲ့ရပြီ ဖြစ်ပြီး အဲဒီထဲမှာ ၄ပုံ၁ပုံဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။

ဆေးရုံတွေမှာ လူနာတွေ မတန်တဆ များနေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြောင့် အာဟာရ ချို့တဲ့မှုတွေ နေရာအနှံ့ ဖြစ်ပွားနေတဲ့အတွက် အထူးသဖြင့် ကလေးငယ်တွေကို ကာလဝမ်းရောဂါ ကူးစက်ခံရမယ့် အခြေအနေ ပိုများခဲ့တာပါ။

ကာလဝမ်းရောဂါဟာ Vibrio ကာလဝမ်း ဘက်တီးရီးယားပိုး ရှိတဲ့ အစားအစာ ၊ ရေကို စားသုံးမိရာကနေ ဝမ်းလျှော ဝမ်းပျက် တဲ့ ရောဂါ ဖြစ်ပါတယ်။

ရောဂါ ကူးစက်သူ အများစုဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ သိပ် ဖြစ်လေ့ မရှိပေမယ့် ရောဂါ ပြင်းထန်ရင်တော့ အမြန်မကုသရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။

နှစ်နှစ်တာ ကြာမြင့် နေမြင့် နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့် ယီမင် နိုင်ငံထဲ ကျန်းမာရေး စောင့်ရှောက်မှု ယန္တရား လုံးဝ ပျက်စီး နေပြီး၊ သောက်သုံးရေသန့် ဖြန့်ဝေရေးနဲ့ အညစ်အကြေး ထိန်းသိမ်းရေး စနစ်တွေလည်း မရှိ ဖြစ်နေ ရပါတယ်။

၁၀လလောက် လစာငွေ မရကြတဲ့ ကျန်းမာရေး ဝန်ထမ်း ၃သောင်းလောက်ကို လစာထုတ်ပေးဖို့ အာဏာပိုင်တွေကို ကုလသမဂ္ဂ အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

ကာလဝမ်းရောဂါ မကူးစက်အောင် ကာကွယ်ဖို့ ဘယ်လို သန့်ရှင်း စင်ကြယ်အောင် နေရမယ်၊ သောက်သုံးရေတွေကို ဘယ်လို သိုလှောင် ရမယ် ဆိုတာကို ယီမင်ပြည်သူတွေကို တအိမ်တက်ဆင်း ပညာပေး ပြောပြဖို့ အရေးပေါ် အဖွဲ့တွေကို စေလွှတ်မယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

ပြည်တွင်းစစ် ဒဏ်ကြောင့် ယီမင် ပြည်သူ ၂၈သန်းမှာ ၁၉သန်းနီးပါးဟာ ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပြီး ၇သန်း ဝန်းကျင် အငတ်ဘေးနဲ့ ရင်ဆိုင်ရလုနီး အခြေအနေ ရောက်နေပြီလို့ ဘီဘီစီသတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ