ပါကစ္စတန် လောင်စာတင်ကား ပေါက်ကွဲလို့ လူရာချီသေ

  • 25 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အနီးနားက ရွာသားတွေနဲ့ လမ်းသွားလမ်းလာတွေက ယိုစိမ့်နေတဲ့ လောင်စာဆီတွေကို ခပ်ယူဖို့ ကြိုးစားကြတဲ့အချိန်မှာ အခုလို ဖြစ်ခဲ့

ပါကစ္စတန်နိုင်ငံမှာ လောင်စာဆီတင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပြီး နောက်ပိုင်းမှာ မီးလောင် ပေါက်ကွဲခဲ့လို့ လူ ၁၄၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ပန်ဂျပ်ပြည်နယ်က အာမက်ပူဝါ အရှေ့ပိုင်း ဒေသမှာ လောင်စာဆီ ဂါလံ ငါးထောင်ကျော် တင်ဆောင်လာတဲ့ ကားတိမ်းမှောက်ခဲ့ပြီး အနီးနားက ရွာသားတွေနဲ့ လမ်းသွားလမ်းလာတွေက ယိုစိမ့်နေတဲ့ လောင်စာဆီတွေကို ခပ်ယူဖို့ ကြိုးစားကြတဲ့အချိန်မှာ အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး ရွာသားတယောက် ညှိလိုက်တဲ့ ဆေးလိပ်မီးကြောင့် အခုလို ဖြစ်သွားတာလို့ ယူဆထားပါတယ်။

ဒီဖြစ်စဉ်မှာ အသက်မသေပဲ ဒဏ်ရာရပြီး ဆေးရုံတင်ထားရသူတွေလည်း ၁၂၀ကျော်ရှိပြီး အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

အခုလို ဒဏ်ရာပြင်းထန်တဲ့သူတွေကို စစ်ရဟတ်ယာဉ်တွေက နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး သေဆုံးသူအရေအတွက်ကလည်း ဒီထက် များလာနိုင်ပါတယ်။

အခုလို ပေါက်ကွဲမှုမဖြစ်ခင်မှာ ယာဉ်ထိန်းရဲတွေက လောင်စာဆီ ခပ်ယူဖို့ ကြိုးစားနေတဲ့ လူထုကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ အမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် မီးလောင်တဲ့အထဲ ပါသွားတာ ဖြစ်တယ်လို့ နယ်မြေခံ သတင်းအရ သိရပါတယ်။