အိုလံပစ်မှာ ပူးပေါင်းပြိုင်ဖို့ တောင်ကိုရီးယား သမ္မတ အဆိုပြု

  • 25 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀ဝ၀ ပြည့်နှစ် ဆစ်ဒနီ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တောင်နဲ့ မြောက်ကိုရီးယားအသင်းတို့ ပူးတွဲချီတက်ခဲ့စဉ်က

တောင်နဲ့ မြောက်ကိုရီးယား အားကစားအဖွဲ့တွေ ပူးပေါင်း အသင်းဖွဲ့ပြီး တောင်ကိုရီးယားနိုင်ငံ ဖျောင်းချန်းဒေသမှာ ပြုလုပ်မယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရေး အစီအစဉ်ကို တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အဆိုပြုလိုက်ပါတယ်။

တောင်ကိုရီးယားဟာ ၂၀၁၄ ခုနှစ်မှာ ၂၀၁၈ အိုလံပစ် ကျင်းပခွင့်ရကြောင်း သိတဲ့အချိန်က မြောက်ကိုရီးယားနဲ့ ပူးတွဲ ကျင်းပဖို့ ငြင်းဆန်ခဲ့ပေမယ့် လွတ်လပ်တဲ့အမြင်ရှိတဲ့ လက်ရှိ တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်းက အခုလို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်းပြီး ၂၀၃၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရေး အဆိုပြုဖို့ကိုလည်း မစ္စတာ မွန်ဂျေအင်းက ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား အားကစားကြီးကြပ်သူ နိုင်ငံတကာ အိုလံပစ် ကော်မတီဝင် မစ္စတာ ချန်အွန်ကတော့ အခုလို အသင်းဖွဲ့ဖို့ အချိန်နောက်ကျနေပြီလို့ ပြောဆိုထားပါတယ်။

ဖျောင်းချန်း အိုလံပစ်ကို မြောက်ကိုရီးယားဘက်က ကစားသမားတွေ လွှတ် မလွှတ် ကိစ္စကိုတော့ မြောက်ကိုရီးယား အာဏာပိုင်တွေဘက်က အတည်မပြုသေးပါဘူး။

တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀ဝ၀ပြည့်နှစ်၊ ၂၀ဝ၄ ခုနှစ်နဲ့ ၂၀ဝ၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွေမှာ နောက်ခံ အဖြူပေါ်မှာ အပြာရောင် ကိုရီးယားကျွန်းဆွယ်ပုံ ပါတဲ့ ကိုရီးယား ညီညွတ်ရေး အလံအောက်မှာ အတူတကွ ချီတက်ဖူးပြီး ပြိုင်ပွဲဝင်ရာမှာတော့ သီးခြား နှစ်သင်းအနေနဲ့ ယှဉ်ပြိုင်တဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။

အဲဒီလို ချီတက်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်ရောက်ချင်တယ်လို့လည်း မစ္စတာ မွန်ဂျေအင်းက ပြောခဲ့ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားက စားပွဲတင် တင်းနစ် အားကစားသမားတွေဟာ ၁၉၉၁ ခုနှစ် ကမ္ဘာ့ စားပွဲတင် တင်းနစ် ဖလား ပွဲစဉ်တွေမှာ ပူးတွဲ အသင်းအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၉၁ ကမ္ဘာ့ဖလား အသက် ၂၀ အောက် လူငယ် ဘောလုံးပြိုင်ပွဲမှာလည်း တောင်နဲ့ မြောက် ကိုရီးယားက ဘောလုံးသမားတွေ အချင်းချင်း ပေါင်းစည်းထားတဲ့ ကိုရီးယားအသင်းအဖြစ် သမိုင်းဝင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။