ပါကစ္စတန် ဓါတ်ဆီကား မီးလောင်မှု လူအများအပြား သေဆုံး

  • 26 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မီးလောင်ကျွမ်းနေတဲ့ မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ လမ်းမပေါ်မှာ ပြန့်ကျဲနေ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အာမက်ဒ်ပူရ် ရှာကီယာ မြို့နားမှာ ဓါတ်ဆီ တင်ဆောင်လာတဲ့ လော်ရီကားတစီး မီးလောင် ပေါက်ကွဲခဲ့ရာမှာ အနည်းဆုံး လူ ၁၅၀ သေဆုံးသွားပါတယ်။

တိမ်းမှောက်သွားတဲ့ အဲဒီ လော်ရီကားကနေ ယိုစိမ့်ထွက်လာတဲ့ ဓါတ်ဆီတွေကို ဒေသခံ ရွာသားတွေ လာကဲ့ယူနေကြချိန်မှာ အခုလို မီးလောင် ပေါက်ကွဲခဲ့တာပါ။

နောက်ထပ် လူအတော်များများကိုလည်း ဆေးရုံ တင်ပို့ထားရပြီး တချို့က အခြေအနေ စိုးရိမ်ရပါတယ်။

လမ်းချိုးတခုကို ရုတ်တရက် ကွေ့လိုက်စဉ်မှာ လော်ရီကား ဘီးတာယာ ပေါက်သွားတာလို့ ယူဆရပါတယ်။

တိမ်းမှောက်သွားတဲ့ လော်ရီကားနားမှာ တယောက်ယောက် စီးကရက် မီးညှိခဲ့တာကြောင့် အခုလို ပေါက်ကွဲ မီးလောင်ခဲ့ပုံရတယ်လို့ ပန်ဂျပ်ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က Jam Sajjad က ပြောပြပါတယ်။

တိမ်းမှောက်သွားတဲ့ လော်ရီကား ကနေ ယိုစိမ့်ထွက်လာတဲ့ ဓါတ်ဆီတွေကို အနီးအနားက ရွာသူရွာသားတွေက ခွက်တွေ ပလုံးတွေနဲ့ အပြေးအလွှား လာကဲ့ယူခဲ့ကြပြီး တချို့ဆိုရင် တခြားရွာက သူတို့ရဲ့ ဆွေမျိုးသားချင်း သူငယ်ချင်းတွေကိုတောင် ဖုန်းနဲ့ လှမ်းခေါ်နေကြသေးတယ်လို့ ပြောပါတယ်။

အဲဒီနေရာကနေ ခွာကြဖို့ လူအုပ်ကြီးကို ရဲက သတိပေးဖို့ ကြိုးစားခဲ့ပေမယ့် အမျိုးသမီးတွေ ကလေးတွေ အပါအဝင် လူအုပ်ကြီးက အရေးမစိုက်ပဲ ဓါတ်ဆီတွေ ဆက်ကဲ့ယူနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်မှာပဲ မီးတောက်ကြီး ထလောင်ခဲ့ပြီး လော်ရီကားနား ရပ်နေသူတွေ အားလုံး မီးစွဲလောင် ခဲ့တာလို့ သိရပါတယ်။

မီးလောင်တဲ့ လူနာတွေကို ကုသဖို့ အဲဒီဒေသက ဆေးရုံတွေမှာ သီးသန့်ဆေးခန်းတွေ မရှိတဲ့အတွက် လူနာတချို့ကို ကီလိုမီတာ ၅၀လောက် ဝေးတဲ့ တခြားမြို့က ဆေးရုံတွေဆီ ခေါ်ဆောင်သွားရပါတယ်။

ထိခိုက်ဒဏ်ရာ ရထားသူတွေကို ဆေးရုံကို တင်ပို့ဖို့ စစ်ရဟတ်ယာဉ်တွေ စေလွှတ်ထားတယ်လို့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

မီးလောင်မှုအတွင်း ရုပ်ပျက် ဆင်းပျက် ဖြစ်ကုန်တဲ့အတွက် သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ DNA မျိုးဗီဇ နမူနာနဲ့ပဲ ခွဲခြားရဖွယ် ရှိတယ်လို့ သိရပါတယ်။