သမ္မတထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မိန့် တချို့ကို တရားရုံးချုပ် အတည်ပြု

  • 27 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မိန့်ကြောင့် ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့

အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မိန့် တစိတ်တပိုင်းကို အတည်ပြု ပြဌာန်းခွင့်ပြုဖို့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်အရ မူဆလင်အများစု နေထိုင်တဲ့ နိုင်ငံ ၆နိုင်ငံကလာသူတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ရက်ပေါင်း၉၀ ပိတ်ပင်ထားမှာ ဖြစ်ပြီး ဒုက္ခသည်တွေကို လက်ခံတဲ့ စီမံကိန်းကိုလည်း ရက်ပေါင်း ၁၂၀ကြာ ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။

အီရန်၊ လစ်ဗျား၊ ဆိုမာလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေကလာတဲ့ လူတွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်မိန့်ကို အတည်ပြုလိုက်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထရမ့်က ကြိုဆိုလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ထုံးစံအရ သမ္မတ ရထားတဲ့ အကြွင်းမဲ့ လုပ်ပိုင်ခွင့် အာဏာ တရားရုံးတွေက ထပ်လောင်း အတည်ပြု ပေးလိုက်တာ ဖြစ်ပြီး သမ္မတ ထရမ့်အတွက် အောင်ပွဲတရပ်လို့ ဆိုရမှာပါ။

သမ္မတထရမ့် အစိုးရအနေနဲ့ သူတို့ရဲ့ လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကို အကောင်အထည် ဖေါ်ရာမှာ အကိုင်အတွယ် မတတ်တာကြောင့် သမ္မတ လုပ်ပိုင်ခွင့် အထူးအာဏာကို ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုပြီး တချို့က စိုးရိမ်ခဲ့ကြပေမယ့် အခုတော့ အဲဒီလို ဖြစ်မယ့်ပုံ မရှိတော့ပါဘူး။

နိုင်ငံတော် လုံခြုံရေးအတွက် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုနေကြောင်းနဲ့ အဲဒီထဲမှာ ပြည်ပက အန္တရာယ်ပြုလာနိုင်တယ် ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတခုပေါ် အခြေခံပြီး အနည်းဆုံး လောလောဆယ်မှာ နယ်စပ်တွေကို ပိတ်ပစ်နိုင်ရေးလည်း ပါဝင်ပါတယ်။

ဒီခရီးသွားလာခွင့် ပိတ်ပင်မိန့်နဲ့ ပတ်သက်လို့ ထောက်ခံသူတွေဘက်ကရော ကန့်ကွက်သူတွေဘက်ကပါ နှစ်ဘက်စလုံးရဲ့ အမြင်တွေကို လာမယ့် အောက်တိုဘာလမှာ တရားရုံးချုပ်က ကြားနာသုံးသပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတထရမ့် အစိုးရအနေနဲ့ လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကို သမ္မတ ရဲ့ အထူးအမိန့်အာဏာနဲ့ ပြန်သုံးသပ်ဖို့ ရှိပြီး လမ်းညွှန်ချက် သစ်တွေကို လည်း ပြန်ပြင် ရေးဆွဲဖို့ အချိန် ၃လ ရထားတာမို့ အဲဒီအချိန်ရောက်ရင် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က သိပ်အရေးပါမှာ မဟုတ်တော့ပါဘူး။

လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုထဲ ဝင်ဖို့ ဂိတ်ပေါက်တွေက ပိုကြပ်ကြပ်လာပြီလို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက် Anthony Zurcher က သုံးသပ် တင်ပြထားပါတယ်။