ကမ္ဘာတဝှမ်း ကွန်ပြူတာ စနစ်တွေ ဆိုင်ဘာ တိုက်ခိုက်ခံရ

  • 28 ဇွန် 2017
ဓာတ်ပုံ မူပိုင် SCREENSHOT
Image caption ဆိုင်ဘာတိုက်ခိုက်ခံရတဲ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ဒီလို ငွေတောင်းတဲ့ စာတမ်းတွေ တွေ့ရတယ်လို့ ဆို

ကမ္ဘာတဝှမ်းက ကွန်ပြူတာစနစ်တွေ ဆိုင်ဘာ တိုက်ခိုက် ခံခဲ့ရတဲ့အတွက် ဘဏ်တွေ၊ အရောင်းအဝယ်လုပ်ငန်းတွေ၊ စွမ်းအင်ကုမ္ပဏီတွေနဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေ အကြီးအကျယ် ထိခိုက်သွားခဲ့ပါတယ်။

အဲဒီ ဗိုင်းရပ်စ်ပိုး ဝင်နေတာကို ယူကရိန်းနိုင်ငံမှာ အရင် တွေ့ခဲ့တာ ဖြစ်ပြီး အဲဒီက အစိုးရ စွမ်းအင် ကုမ္မဏီတွေနဲ့ အဓိက လေဆိပ်ကြီးမှာ ကွန်ပြူတာစနစ်တွေ ပြဿနာပေါ်ခဲ့ပါတယ်။

ကွန်ပြူတာ သုံးသူတွေအနေနဲ့ ပြန်ပေးငွေ ဒေါ်လာ သုံးရာကို ခြေရာခံလို့ မရတဲ့ ဒစ်ဂျစ်တယ်လ်ငွေ Bitcoins တွေအဖြစ် ဘယ်သူဘယ်ဝါ မသိရတဲ့ စာရင်းတခုထဲ မထည့်ပေးမချင်း သူတို့ရဲ့ ကွန်ပြူတာတွေကို ဆိုင်းငံ့ထားမယ်လို့ ဆိုင်ဘာ တိုက်ခိုက်သူတွေက ပြောပါတယ်။

အဲဒီ ဆိုင်ဘာတိုက်ခိုက်မှုကြီးကို စုံစမ်း စစ်ဆေးမယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ လက်သည်တရားခံကို ရအောင် ရှာဖွေ အရေးယူဖို့ အမေရိကန် အစိုးရက သံဓိဌာန် ချထားတယ်လို့ ဝါရှင်တန်မြို့က အမေရိကန် လုံခြုံရေး ကောင်စီက ပြောပါတယ်။