သမ္မတ အနေနဲ့ ရှီကျင်းပင် ဟောင်ကောင်ကို ပထမဆုံး အကြိမ် လာရောက်

  • 29 ဇွန် 2017
Image caption 'တစ်နိုင်ငံ စံနစ်နှစ်ခု' ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ဆက်လက် သွားနိုင်မယ်

ဟောင်ကောင်ကို တရုတ်ပြည်မကြီး ပြန်လည် လွှဲပြောင်း ရယူတာ အနှစ် ၂ဝ ပြည့် အထိမ်းအမှတ် အဖြစ် အဲဒီကို သမ္မတ ရှီကျင်းပင် ရောက်လာပါတယ်။

ဒါဟာ တရုတ် သမ္မတ အနေနဲ့ မစ္စတာရှီ ဟောင်ကောင်ကို ပထမဆုံး အကြိမ် ရောက်လာတာပါ။

ဟောင်ကောင်ကို ပြည်မကြီး အစိုးရရဲ့ စွက်ဖက်မှုကနေ ပိုပြီး လွတ်လပ် လိုသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ နိုင်ငံရေး အခြေအနေ တင်းမာ နေချိန်မှာပဲ တရုတ်ပြည်မကြီး သမ္မတ ရောက်လာတာလည်း ဖြစ်ပါတယ်။

ဗြိတိန်ဆီကနေ ဟောင်ကောင်ကို ပြန်လည် ရရှိခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ဟောင်ကောင် အာဏာပိုင်တွေက အခမ်းအနား တွေ ကျင်းပဖို့ စီစဉ်ထားသလို ပြည်မကြီး အစိုးရ အပေါ် သစ္စာခံသူတွေရော၊ ဟောင်ကောင် ဒီမိုကရေစီ အရေး တောင်းဆိုသူတွေပါ ဆန္ဒပြပွဲတွေ အပြိုင် ပြုလုပ် လာဖို့ ရှိပါတယ်။

ဟောင်ကောင် ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ ထဲက နာမည်ကြီး တချို့တော့ သမ္မတ ရှီကျင်းပင် ရောက်မလာခင် မှာပဲ ကြိုတင် ထိန်းသိမ်း ခံလိုက်ရပါတယ်။

ဟောင်ကောင် လွှဲပြောင်းပွဲ အထိမ်းအမှတ် နာမည်ကျော် ပန်းပုရုပ်တု တည်ရှိရာ နေရာမှာ နာမည်ကြီး ကျောင်းသားခေါင်းဆောင် ဂျော့ရှ်ဝါ ဝေါင်း အပါအဝင် လူတချို့ ဆန္ဒပြ ခဲ့ကြပါတယ်။

Image caption ဟောင်ကောင်ရဲ့ သင်္ကေတ အမှတ် တံဆိပ် ရွှေရောင် ပန်းပုရုပ်

အဲဒီ ရွှေရောင် ပန်းပုရုပ်တုဟာ ဟောင်ကောင်ရဲ့ သင်္ကေတ အမှတ် တံဆိပ် ဖြစ်တဲ့ Bauhinia စွယ်တော်ပန်းပုံ ဖြစ်ကြီး တရုတ် ပြည်မကြီးက ပေးတဲ့ လက်ဆောင် အဖြစ် ဟောင်ကောင် ဆိပ်ကမ်း နံဘေး ထားရှိ ထားပါတယ်။

မစ္စတာ ရှီဟာ ဇနီးသည် ဖြစ်သူနဲ့ အတူ ဟောင်ကောင်မှာ ၃ ရက်ကြာ နေဖို့ စီစဉ်ထားပါတယ်။

ဟောင်ကောင်ကို ရောက်လာပြီးတဲ့နောက် သမ္မတ ရှီ ပြောခဲ့တဲ့ မိန့်ခွန်းထဲ ဟောင်ကောင်ရဲ့ စီးပွားရေး တိုးတက်ဖို့၊ ဟောင်ကောင်သားတွေ ဘဝ တိုးတက်ဖို့ ဘေဂျင်း ဗဟို အစိုးရ ဘက်က အမြဲတမ်း ကူညီ ပံ့ပိုး ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် 'တစ်နိုင်ငံ စံနစ်နှစ်ခု' ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ဆက်လက် သွားနိုင်မယ် လို့လည်း သမ္မတ ရှိက ပြောပါတယ်။

ဗြိတိန်က ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်လည် ထည့်ပေး ခဲ့တာပါ။

ဘေဂျင်း အစိုးရ အနေနဲ့ ဟောင်ကောင်မှာ ကိုယ်ပိုင် ဥပဒေ၊ ပါတီစုံ ဒီမိုကရေ စနစ်နဲ့ လွတ်လပ်စွာ ပြောဆို စုရုံးခွင့်တို့ ပေးမယ် ဆိုတဲ့ အာမခံချက်နဲ့ ဟောင်ကောင်ကို ပြန်လည် ရယူခဲ့တာ ဖြစ်ပြီး၊ ပြည်မကြီးနဲ့ မတူတဲ့ စနစ်တွေ ဖြစ်တဲ့ အတွက် 'တစ်နိုင်ငံ စံနစ်နှစ်ခု' ဆိုပြီး အမည်တွင် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟောင်ကောင် အပေါ် ပြည်မကြီးရဲ့ ဩဇာ လွှမ်းမှုတွေ တိုးမြင့် လာတဲ့ အတွက် လွတ်လပ်တဲ့ ဟောင်ကောင် နိုင်ငံရေး အစဉ်အလာ အခြိမ်းခြောက် ခံနေရပြီလို့ ဟောင်ကောင်သား ဒီမိုကရေစီ လိုလား သူတွေက စိုးရိမ်နေပြီး ထကြွ လှုပ်ရှားမှုတွေ ပေါ်ထွန်း လာခဲ့ပါတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်တွေ တောင်းဆိုတဲ့ ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေ ဟောင်ကောင်မှာ ရှိနေတာ နှစ်ကာလ အတန်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ