ဂျာမနီမှာ လိင်တူထိမ်းမြားခွင့် အတည်ပြု

  • 30 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စစ် မာကယ်ဟာ သူ့ပါတီဝင်တွေကို သူ့သဘောအတိုင်းမဟုတ်ပဲ ဆန္ဒရှိသလို မဲပေးခွင့် ပေးခဲ့တာကလည်း ဒီဥပဒေ အတည်ဖြစ်သွားရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ လိင်တူထိမ်းမြားမှုဥပဒေကို အတည်ပြုဖို့အတွက် ဂျာမန်ပါလီမန် ဘွန်ဒက်စ်တာ့ဂ် အတွင်း မဲခွဲခဲ့ရာမှာ ဝန်ကြီးချုပ်မာကယ်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ၆၀%ကျော် ထောက်ခံမဲရခဲ့လို့ ဒီဥပဒေကို ပါလီမန်က အတည်ပြုလိုက်ပါတယ်။

မစ္စစ်မာကယ်က 'ကျမ အမြင်တော့ အမျိုးသမီးနဲ့ အမျိုးသားတွေပဲ လက်ထပ်ခွင့် ရှိသင့်တယ်လို့ ထင်ပါတယ်။

ဒါပေမယ့်လည်း အခုလို လိင်တူ ထိမ်းမြားခွင့် အတည်ဖြစ်လာတဲ့အတွက် ပါတီအချင်းချင်း အပြန်အလှန် လေးစားမှု တိုးလာပြီး ပိုပြီးလာမယ်လို့ မျှော်လင့်ပါတယ်' လို့ ပြောပါတယ်။

မစ္စစ် မာကယ်ဟာ သူ့ပါတီဝင်တွေကို သူ့သဘောအတိုင်းမဟုတ်ပဲ ဆန္ဒရှိသလို မဲပေးခွင့် ပေးခဲ့တာကလည်း ဒီဥပဒေ အတည်ဖြစ်သွားရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဂျာမန်နိုင်ငံတွင်းက နိုင်ငံရေးပါတီတွေကလည်း မစ္စစ် မာကယ်ရဲ့ ခရစ်ယာန် ဒီမိုကရက်တစ် စည်းလုံးရေးပါတီနဲ့ လာမယ့် စက်တင်ဘာလ ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းဖွဲ့ရဖို့ ဖြစ်လာရင် ဒီဥပဒေ ရှိမှ ညွန့်ပေါင်းအစိုးရထဲဝင်မယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီဥပဒေသစ်အရ လိင်တူထိမ်းမြားတဲ့စုံတွဲတွေဟာ ကလေးမွေးစားခွင့် အပါအဝင် လက်ထပ်ဥပဒေက ပေးတဲ့ အခွင့်အရေး အပြည့်ရမှာ ဖြစ်ပါတယ်။

အခုလို လိင်တူထိမ်းမြားခွင့် ဥပဒေ အတည်ဖြစ်သွားတဲ့အပေါ် လိင်တူအခွင့်အရေး လှုပ်ရှားသူတွေကလည်း သမိုင်းဝင် ပြဋ္ဌာန်းမှုအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။

ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကတဆင့် ကန့်ကွက်မှုတွေ ခံရနိုင်ပေမယ့် ဒီနှစ်ထဲမှာပဲ ဒီဥပဒေ အသက်ဝင်မှာ ဖြစ်ပါတယ်။

ဥရောပတလွှားမှာ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ် (ဖာရိုးကျွန်းစုမပါ)၊ ဖင်လန်၊ အိုက်စလန်၊ နယ်သာလန်၊ ဘယ်လဂျီယံ၊ စပိန်၊ ပေါ်တူဂီ၊ လပ်ဇမ်ဘတ်ဂ်၊ ပြင်သစ်၊ ယူကေ (မြောက်အိုင်ယာလန်နဲ့ ဂျာဆီ မပါ) နဲ့ အိုင်ယာလန် တို့က လိင်တူ တရားဝင် ထိမ်းမြားခွင့်ပြုထားပြီး သြစတြီးယားနဲ့ အီတလီတို့မှာတော့ ထိန်းမြားခွင့်လောက် ဥပဒေ အခွင့်အရေး မရတဲ့ လက်တွဲဖော်အဖြစ် လက်မှတ်ထိုးခွင့် civil partnership ကိုပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။