အိန္ဒိယ အခွန်ဥပဒေတွေ အနှစ် ၇ဝ အတွင်း အကြီးမားဆုံး ပြင်ဆင်

  • 30 ဇွန် 2017
Image caption အသေးစား စီးပွားရေးတွေ ထိခိုက်မယ်လို့ အတိုက်အခံတွေ ဝေဖန်

အိန္ဒိယ နိုင်ငံမှာ အခွန်ပိုင်း ဆိုင်ရာ ဥပဒေတွေကို စတင်ပြီး အကြီးအကျယ် ပြင်ဆင် ပြောင်းလဲ နေပြီ ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အနှစ် ၇ဝ အတွင်း အခွန်အကောက် ပိုင်းဆိုင်ရာ အကြီးမားဆုံး ပြင်ဆင်မှု အဖြစ် သတ်မှတ် နိုင်ပါတယ်။

GST လို့ခေါ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ဆိုင်ရာ ဗဟိုအစိုးရ အခွန် ဥပဒေတွေနဲ့ ပြည်နယ် အခွန် ဥပဒေတွေကို အိန္ဒိယပါလီမန်ထဲ သန်းခေါင်ယံချိန် အစည်းအဝေး ပြုလုပ်ပြီး ပြင်ဆင် ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ပြင်ဆင် ပြောင်းလဲမှုဟာ အိန္ဒိယရဲ့ အနာဂတ်ကို ဆုံးဖြတ် နေတာ ဖြစ်တယ်ဆိုပြီး ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက သူ့ရဲ့ ပါလီမန် မိန့်ခွန်းထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ အခွန် မူဝါဒသစ်တွေဟာ နိုင်ငံတွင်း တစ်ခုတည်းသော စျေးကွက် အဖြစ် စုစည်း နိုင်မှာ ဖြစ်သလို အကျင့်ပျက် ခြစားမှုတွေ၊ အခွန်ရှောင်မှု ပြဿနာတွေကို ကိုင်တွယ် ထိန်းသိမ်း နိုင်မှာ ဖြစ်တယ်လို့ ထောက်ခံသူတွေက ကြိုဆို ကြပါတယ်။

ဒါပေမယ့် ဒီ စည်းမျဉ်းစည်းကမ်း အသစ်တွေ အပေါ် အသေးစား စီးပွားရေး လုပ်ငန်းရှင် တွေ အနေနဲ့ နားလည် နိုင်မှာ မဟုတ်ပဲ၊ ဖြစ်ပေါ်လာမယ့် ကုန်ကျစားရိတ်တွေ အတွက်လည်း အခက်အခဲတွေ ဖြစ်လာ စေလိမ့်မယ်လို့ အတိုက်အခံတွေကတော့ ဝေဖန် နေကြပါတယ်။