ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဟဲမွတ်ခိုးလ်ရဲ့ ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်

  • 1 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပသမဂ္ဂအလံ လွှမ်းချုံထားတဲ့ သူ့ရဲ့ အခေါင်းကို ဇူလိုင်လ ၁ ရက် နေ့ နောက်ပိုင်း နေရပ်မြေ စပိုင်ယာအရပ်မှာ မြုပ်နှံမှာ ဖြစ်

ဂျာမနီနိုင်ငံ ပေါင်းစည်းရေးကို ကြီးကြပ်ပေးခဲ့ပြီး ဥရောပ ညီညွတ်ရေးကို ရှေ့ဆောင်ပေးခဲ့သူ အနေနဲ့ သတ်မှတ်ခံရတဲ့ ဂျာမန်ဝန်ကြီးချုပ် ဟဲမွတ်ခိုးလ်ရဲ့ ဈာပန အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ဟဲမွတ်ခိုးလ်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယွန်းကလောက် ရန်ကာ က

'ဟဲမွတ်ခိုးလ်ဟာ ကျနော့ကို ကြီးကြပ်သင်ကြားပေးတဲ့သူပါ၊ ကျနော့ရဲ့ သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ သူဟာ ဥရောပ တခုလုံးရဲ့ အနှစ်သာရကို ကိုယ်စားပြုပါတယ်' လို့ ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဟဲမွတ်ခိုးလ်ဟာ ဂျာမနီ အရှေ့နဲ့ နောက် ပေါင်းစည်းဖို့နဲ့ ဥရောပသမဂ္ဂကျယ်ပြန့်လာဖို့ ကိစ္စလို ခက်ခဲတဲ့ အရာတွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့လည်း ဒီအခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

မစ္စတာ ဟဲမွတ်ခိုးလ်က နောက်ထပ် ကြီးကြပ်သင်ကြားပေးဖူးသူ ဖြစ်တဲ့ လက်ရှိ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကယ်ကလည်း ဟဲမွတ်ခိုးဟာ ဂျာမန်ပေါင်းစည်းရေးနဲက ပတ်သက်တဲ့ လူတွေရဲ့ အကြောက်တရားကို ငြိမ်းအောင် လုပ်ပေးခဲ့ပြီး ဥရောပမျိုးဆက်တခုကို လွှမ်းမိုးနိုင်ခဲ့သူလို့ ပြောခဲ့ပါတယ်။

ဒီဈာပနအခမ်းအနားကို ရုရှားဝန်ကြီးချုပ် ဒီမီထရီ မီ ဒဘေ ယက်ဗ်၊ စပိန်ဝန်ကြီးချုပ်ဟောင်း ဖီလီးပေး ဟွန်းဇားလက်နဲ့ လက်ရှိပြင်သစ်သမ္မတ အီမန်နွဲ မာခွန်းလည်း တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ဟဲမွတ်ခိုးလ်ရဲ့ ဈာပန အခမ်းအနားကို ဥရောပ ပါလီမန်ရှိတဲ့ စထရာဘိုးအာ့ဂ် မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဥရောပသမဂ္ဂအလံ လွှမ်းချုံထားတဲ့ သူ့ရဲ့ အခေါင်းကို ဇူလိုင်လ ၁ ရက် နေ့ နောက်ပိုင်း နေရပ်မြေ စပိုင်ယာအရပ်မှာ မြုပ်နှံမှာ ဖြစ်ပါတယ်။