ဟောင်ကောင်က တရုတ်အချုပ်အချာအာဏာကို အထိမခံနိုင်လို့ တရုတ်သမ္မတပြော

  • 1 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ရှီဂျင်ပင်းဟာ ဟောင်ကောင်ရဲ့ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းမ်ရဲ့ ရာထူးရယူတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့

တရုတ်ရဲ့ ဟောင်ကောင် အပေါ်သက်ရောက်တဲ့ အချုပ်အချာ အာဏာကို ဘယ်လို အကဲစမ်းလာတာကိုမှ သည်းမခံဘူးလို့ တရုတ်သမ္မတ ရှီဂျင်ပင်းက ပြောဆိုလိုက်ပါတယ်။

မစ္စတာ ရှီဂျင်ပင်းဟာ ဟောင်ကောင်ရဲ့ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းမ်ရဲ့ ရာထူးရယူတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

အခုလို ကျင်းပရာ နေရာရဲ့ အနီးနားမှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ တရုတ်ပင်မအစိုးရ ထောက်ခံ ဆန္ဒပြသူတွေအကြားမှာ ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဟောင်ကောင်မြို့တွင်းမှာတော့ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တရုတ် ပင်မအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျတဲ့ အခွင့်အရေးတွေ ပေးဖို့ လူတွေ ထောင်နဲ့ချီပြီး တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်က ၁၉၉၇ မှာ ဟောင်ကောင်ကို တရုတ်ပင်မအစိုးရလက်ထဲ ပြန်အပ်ခဲ့တာ ဖြစ်တဲ့အတွက် ဟောင်ကောင်က တရုတ်အုပ်ချုပ်မှုအောက် ပြန်ရောက်တဲ့ အနှစ် ၂၀ ပြည့် အခမ်းအနားကို ဟောင်ကောင်မှာ ခမ်းခမ်းနားနား ကျင်းပနေတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်ကို ဗြိတိန်ကို လက်ပြောင်းရယူတဲ့အချိန်မှာ ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် အခွင့်အရေးပေးခဲ့ပြီး တရုတ်ပြည်မကြီးအတွင်း အုပ်ချုပ်ပုံနဲ့ မတူတဲ့ စနစ်အဖြစ် တနိုင်ငံ စနစ်နှစ်မျိုး လုပ်ပိုင်ခွင့် အနှစ် ၅၀ အာမခံချက် ပေးထားတာ ဖြစ်ပါတယ်။

အခုလို အနှစ် ၅၀ ပြည့်မယ့် ၂၀၄၇ နောက်ပိုင်း ဟောင်ကောင် အုပ်ချုပ်ရေး ဘယ်လို ပုံစံ ဖြစ်လာမလဲ ဆိုတာ မသေချာသေးပဲ အခုလို မပြည့်ခင်မှာ လုံးဝ လွတ်လပ်ရေး ရဖို့ တောင်းဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။