ကုလ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး စစ်တွေကို ရောက်ရှိ

  • 2 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် GLOBALNEWLIGHTOFMYANMAR (MNA)
Image caption ပထမဆုံးအကြိမ် စစ်တွေ ခရီးစဉ်လာရောက်တာ ဖြစ်ပေမယ့် ဒုက္ခသည်တွေနဲ့တော့ မတွေ့ဆုံရသေး

ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖီလစ်ပို ဂရန်ဒီနဲ့ တခြား ကုလဝန်ထမ်း အဖွဲ့ဝင်တွေဟာ ဇွန်လ ၂ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂဘက်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်မယ့် ကိစ္စကို မြန်မာ အစိုးရ ဘက်က လက်မခံဘူးလို့ တုန့်ပြန်ပြီးနောက်ပိုင်း ကုလ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး တဦးအနေနဲ့ ပထမဆုံးအကြိမ် စစ်တွေ ခရီးစဉ်လာရောက်တာ ဖြစ်ပေမယ့် ဒုက္ခသည်တွေနဲ့တော့ မတွေ့ဆုံရသေးပါဘူး။

အခုလို လာရောက် ကြည့်ရှုတဲ့ မစ္စတာ ဂရန်ဒီကို မုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည် စခန်း ပျက်စီးမှုတွေကို အစိုးရစရိတ်နဲ့ ပြင်ဆင်ပေးထားတဲ့ အခြေအနေ အပါအဝင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ကော်မရှင်က အကြံပြုထားတဲ့ အချက်အလက်တွေ ဆောင်ရွက်မှုတွေကို တင်ပြခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို မစ္စတာ ဂရန်ဒီ လာရောက် ကြည့်ရှုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့တဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကတော့ အစိုးရ ခန့်ထားတဲ့ ၁၅ ဦး ကော်မတီက အစားအသောက် ဝေငှတာ မညီမျှတဲ့ ပြဿနာနဲ့ ယခင် နေရပ်ကို ပြန်ပို့ပေးဖို့အပြင် အလုပ်အကိုင်တွေ ဖန်တီးပေးရေး တောင်းဆိုဖို့ မျှော်လင့်ထားခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၃ ခုရှိနေပြီး ရခိုင်ပြည်နယ် တခုလုံးက ဒုက္ခသည် အရေအတွက်ကတော့ သိန်းဂဏန်းရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ မစ္စတာ ဂရန်ဒီဟာ ဒေသခံ ရပ်မိရပ်ဖတွေအပါအဝင် လွှတ်တော်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိပြီး နောက်ပိုင်း သူ့ရဲ့ ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ