အာဖရိကမြောက်ပိုင်း အကြမ်းဖက်တိုက်ဖျက်ရေး ပြင်သစ်ကူမယ်

  • 2 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အစည်းအဝေးတက်လာတဲ့ အာဖရိက ခေါင်းဆောင်တွေက ဒေသတွင်းမှာ အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ငါးထောင် ချထားရေးအတွက် အနောက်နိုင်ငံတွေဆီက အကူအညီရဖို့ လိုလားနေ

မာလီနိုင်ငံက အာဖရိက ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ ပြင်သစ်သမ္မတ မာခွန်းက သူဟာ အာဖရိကမြောက်ပိုင်း ဆာဟယ်ဒေသက အကြမ်းဖက်သမားတွေ သုတ်သင်ရေးအတွက် ကူညီချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီအစည်းအဝေးမှာ ဆာဟယ်ဒေသအတွင်းက နိုင်ငံတွေဖြစ်တဲ့ မာလီ၊ မော်ရစ်ရှားနား၊ နီဂျဲ၊ ဘာကီနာဖာဆိုနဲ့ ချက်ဒ် နိုင်ငံ ခေါင်ဆောင်တွေ တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဒေသတွင်းမှာ အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ငါးထောင် ချထားရေးအတွက် အနောက်နိုင်ငံတွေဆီက အကူအညီရဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဒီဒေသတွင်းက အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့အတွက် လုပ်ဆောင်မှုတွေဟာ အုပ်ချုပ်ရေး မြှင့်တင်ဖို့နဲ့ ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်မှုတွေ အပါအဝင် ဒေသတွင်း တိုးတက်ရေး လုပ်ဆောင်မှုတွေနဲ့ ယှဉ်တွဲပြီး အကောင်အထည်ဖော်သင့်တယ်လို့ မစ္စတာ မာခွန်းက ပြောဆိုခဲ့ပါတယ်။

အာဖရိက ခေါင်းဆောင်တွေ အနေနဲ့လည်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်တယ်ဆိုတာ ပြဖို့ လိုကြောင်း မစ္စတာ မာခွန်းက ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ လွန်ခဲ့တဲ့ လေးနှစ်က မာလီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေကို မောင်းထုတ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီပြီး စေလွှတ်ထားခဲ့ပြီး ဆာဟယ်ဒေသမှာ အဲဒီပြင်သစ်တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။