CNN ကို ထိုးတဲ့ ဗီဒီယို လူမှုကွန်ရက်ပေါ် ထရမ့်တင်

  • 2 ဇူလိုင် 2017
Image caption သမ္မတရာထူး နေရာနဲ့ မထိုက်တန်ဘူးလို့ CNN ဝေဖန်

အမေရိကန်သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့တဲ့ ဗီဒီယိုဟာ သတင်းသမားတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်ရာ ရောက်တယ် ဆိုပြီး ပြစ်တင် ဝေဖန် ခံနေရပါတယ်။

အဲဒီဗီဒီယိုထဲ ဦးခေါင်းနေရာမှာ အမေရိကန် သတင်းဌာန တစ်ခုဖြစ်တဲ့ CNN ဆိုတဲ့ စကားလုံးကို အစားထိုးထားသူ တစ်ယောက်ကို ကြမ်းပေါ် လဲကျသွားတဲ့ တိုင်အောင် ထပ်ပြန်တလဲလဲ ထိုးနှက်နေတာ တွေ့ရပါတယ်။

၂ဝဝ၇ ခုနှစ်တုန်းက WWE နပန်းပြိုင်ပွဲ တစ်ခုမှာ မစ္စတာ ထရမ့် ပါဝင် သရုပ်ဆောင်ပြီး ဇာတ်ညွှန်းအတိုင်း အဲဒီ နပန်းပွဲသွင်းသူကို ထိုးနှက်ပြခဲ့တဲ့ မူရင်း ဗီဒီယိုကို ကွန်ပြူတာ အထူး ပြုလုပ်ချက်တွေနဲ့ ဖန်တီးပြီး တွစ်တာပေါ် အခုလို တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုဟာ အပြောင်အနာက် သဘောမျိုး မဟုတ်ပဲ စာနယ်ဇင်း သမားတွေ အပေါ် ရန်မူ တိုက်ခိုက်ဖို့ တွန်းအားပေးတာ ဖြစ်ပြီး၊ ဒီလို မရင့်ကျက်တဲ့ လုပ်ရပ်ဟာ သမ္မတရာထူး နေရာနဲ့ မထိုက်တန်ဘူးလို့ CNN က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

CNN အပါအဝင် သူ့အပေါ် ဝေဖန်မှု ပြင်းထန်တဲ့ တခြား မီဒီယာ သတင်းဌာနတွေကို မစ္စတာ ထရမ့်က သတင်းမှားတွေ ဖန်တီးသူတွေ ဆိုပြီး စွပ်စွဲလေ့ ရှိပါတယ်။