မြန်မာ အလုပ်သမား သောင်းချီပြီး မဲဆောက်က ပြန်လာနေ

  • 2 ဇူလိုင် 2017
Image caption မြဝတီဘက်ကို ပြန်ကြပြီ

ထိုင်း နိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်သူတွေ အပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်မယ် ဆိုတဲ့ ဥပဒေသစ် ထွက်လာပြီးတဲ့ နောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ကနေ တဆင့် ပြန်ကြတဲ့ မြန်မာ လုပ်သား နှစ်သောင်း နှစ်ထောင် နီးပါး ရှိသွားပြီလို့ ထိုင်းနိုင်ငံက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီလို နေရပ်ပြန်ကြတဲ့ အလုပ်သမားတွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေက မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား တစ်ဘက်တစ်ချက်ကနေ လိုအပ်တာတွေ ကူညီ ပေးနေတယ်လို့ လည်း ထိုင်း မီဒီယာ တချို့က ရေးနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တုန်းက ဥပဒေသစ် ထွက်လာပြီး မြန်မာ အလုပ်သမား ၃ ထောင်ကျော် အဖမ်း ခံခဲ့ရပါတယ်။

အခု အချိန်မှာတော့ မဲဆောက် မြို့ပေါ်နဲ့ ဝန်းကျင်မှာ အဖမ်းအဆီး မတွေ့ရပဲ ပုံမှန် အခြေအနေ မှာ ရှိနေတယ်လို့ အလုပ်သမား အရေး ဆောင်ရွက် နေသူတွေက ဆိုပါတယ်။

ထိုင်း နိုင်ငံထဲ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရအောင် ဆောင်ရွက် ပေးတဲ့ စီမံကိန်းတွေ မအောင်မြင်တဲ့ ကြားထဲကပဲ အလုပ်သမားတွေကို နှစ်ရှည် ထောင်ချမယ် ဆိုတဲ့ ပြင်းထန်တဲ့ ဥပဒေသစ် တစ်ရပ် ထွက် လာတာ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံထဲ မြန်မာ အလုပ်သမား ၄ သန်း ကျော် ရှိနိုင်တယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ခန့်မှန်း ထားပါတယ်။