မြောက်ကိုရီးယား တာဝေးပစ် ဒုံးကျည် လွှတ်

  • 4 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Chung Sung-Jun
Image caption ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ခပ်စိတ်စိတ်လုပ်

မြောက်ကိုရီးယားက တာဝေးပစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစင်း ပစ်လွှတ်တာ အောင်မြင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ဒါဟာ မြောက်ကိုရီးယားက ပထမဆုံး အကြိမ် အနေနဲ့ ကမ္ဘာ့တိုက်ကြီး တခုကနေ အခြား တခု အထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံး စမ်းသပ်မှု အောင်မြင်တယ်လို့ ကြွေးကြော်တာ ဖြစ်ပါတယ်။ ဒီဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု ပင်မ နယ်နိမိတ် အထိ ရောက်နိုင်စွမ်းတယ် ဆိုတဲ့ သဘောပါ။

အမေရိကန် တပ်မတော်ဘက်ရဲ့ အစောပိုင်းထုတ်ပြန်ချက်တွေမှာတော့ အင်္ဂါနေ့ နံနက်ပိုင်းက ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ဒုံး ဖြစ်ပြီး မြောက်အမေရိကတိုက်ကို အန္တရာယ် မပေးနိုင်ဘူးလို့ ပါရှိခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားရဲ့ သတင်း ကြေညာချက်မှာ ခေါင်းဆောင် ကင်ဂျုံအွန်း ကြီးကြပ်ပြီး ဟွာဆန်-၁၄ အမျိုးအစား ဒုံးကျည် တခုကို ပစ်လွှတ်ခဲ့တာမှာ ၁၇၃၁ မိုင်အမြင့် ကနေ မိုင် ၅၈ဝ အကွာအဝေးရှိ ပင်လယ်ပြင်က ပစ်မှတ်ကို ထိမှန်ခဲ့တယ် ဆိုပါတယ်။

ပြုံယမ်း အစိုးရအနေနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို အကြိမ်ရေ ခပ်စိတ်စိတ် ပြုလုပ်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေနေပါတယ်။

အဲဒီလို စမ်းသပ်တာတွေနဲ့ အတူ မြောက်ကိုရီးယားဟာ ဒုံးကျည်စွမ်းရည်မှာ တိုးတက်နေတယ်လို့ ယူဆရပေမယ့် မြောက်ကိုရီးယားမှာ တိုက်ချင်းပစ် ဒုံးကျည်တွေ ပစ်မှတ်ကို တိတိကျကျ ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ နည်းပညာနဲ့ ဒီလို ဒုံးပျံတွေမှာ အံဝင်ခွင်ကျ တပ်ဆင်နိုင်မယ့် နျူကလီးယား ထိပ်ဖူး အရွယ်အစား သေးငယ်အောင် လုပ်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ