ရွှေ့ပြောင်းသူတွေ အရေး ဥရောပ အစီအစဉ်သစ် ထုတ်ပြန်

  • 4 ဇူလိုင် 2017
Image caption ပထမ ၆ လ အတွင်း မြေထဲပင်လယ် ကျော်ဖြတ်သူ ၁ သိန်းကျော် ရှိနေပြီ

ဥရောပထဲ ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားကြသူတွေ အယောက် ၅ဝ ဝန်းကျင် မြေထဲ ပင်လယ်ထဲ ရေနစ် သေဆုံး ခဲ့နိုင်ဖွယ် ရှိတယ်လို့ စပိန် ကမ်းစောင့်တပ်က ပြောပါတယ်။

အာဖရိကတိုက် ဆာဟာရ ကန္တရ တောင်ပိုင်း ဒေသက လာသူ ၃ ယောက်ကို နစ်မြုပ်နေတဲ့ လေမှုတ် ရာဘာ လှေငယ် တစ်စင်းပေါ်ကနေ ကယ်ဆယ် ခဲ့ရပြီး၊ အဲဒီသူတွေ အဆိုအရ လှေပေါ်မှာ အယောက် ၅ဝ ကျော် လိုက်ပါလာခဲ့ ကြတယ်လို့ ဆိုပါတယ်။

သူတို့ စီးလာတဲ့ လှေဟာ ပင်လယ်ထဲ မျောနေတာ ရက်အတန်ကြာ ရှိနေပြီ ဖြစ်ပြီး လုံးဝ နစ်မြုပ်လုလု အခြေအနေမှာ အဲဒီ ၃ ယောက်ကို ကယ်ဆယ် နိုင်ခဲ့တာပါ။

အခုနှစ် ပထမ ၆ လ အတွင်း မြေထဲပင်လယ်ကို ကျော်ဖြတ်ကြတဲ့ ရွှေ့ပြောင်းသူ ၁ သိန်းကျော် ရှိနေပြီ ဖြစ်ပြီး၊ သိရှိထားရသမျှ စာရင်းတွေအရ ပင်လယ်ခရီးမှာ သေဆုံးခဲ့သူ ၂ ထောင်ကျော် ရှိပါတယ်။

ဒီအချိန်မှာပဲ၊ မြေထဲပင်လယ်ကို ကျော်ဖြတ် ကြသူတွေ အရေးနဲ့ ပတ်သက်ပြီး ဒေါ်လာ သန်း ၉ဝ အကုန်အကျခံ သုံးစွဲပြီး ကိုင်တွယ်မယ့် လုပ်ငန်းစဉ် အသစ်တစ်ရပ်ကို ဥရောပ ကော်မရှင်က ထုတ်ပြန်လာပါတယ်။

လူမှောင်ခို တားဆီးရေး အတွက် လစ်ဗျား ကမ်းစောင့်တပ်ရဲ့ အရည်အသွေးကို မြှင့်တင်ရာမှာ ဘတ်ဂျက်ထဲက ထက်ဝက်ကျော် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ကျန်ငွေတွေကိုတော့ အီတလီ ကမ်းရိုးတန်းကို ရောက်လာ ကြသူတွေကို နေရာထိုင်ခင်းနဲ့ အစားအစာ ကျွေးမွေးရေးတွေမှာ ထည့်ဝင်သွားမှာ ဖြစ်ပါတယ်။