ဗင်နီဇွဲလား လွှတ်တော် အဆောက်အအုံထဲ အစိုးရ ထောက်ခံတဲ့ လူအုပ်ကြီး အတင်းဝင်

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption တုတ်တွေ သံချောင်းတွေ ကိုင်ထားတဲ့ လူအုပ်ကြီး လွှတ်တော် အဆောက်အအုံဝင်းထဲ အတင်းဝင်လာပြီး အမတ်တွေကို တိုက်ခိုက်ခဲ့

ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့မှာ ပါလီမန် လွှတ်တော် အဆောက်အအုံထဲကနေ အမတ်တွေ အပြင်မထွက်နိုင်အောင် အစိုးရ ထောက်ခံသူ လူအုပ်ကြီးက ပိတ်ဆို့ တားဆီးထားပါတယ်။

တချို့က ပစ္စတို သေနတ်တွေနဲ့ ဝှေ့ယမ်း ခြိမ်းခြောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံတဝန်းမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေရာမှာ အတိုက်အခံတွေ ကြီးစိုးတဲ့ ပါလီမန် လွှတ်တော်ထဲမှာ အတိုက်အခံ အမတ်တွေ က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပါလီမန် အထူးအစည်းအဝေး ကျင်းပနေတာပါ။

လွှတ်တော် အဆောက်အအုံထဲမှာ လူ ၃၅၀လောက် နာရီ အတော်ကြာကြာ ပိတ်မိနေတယ်လို့ လွှတ်တော် ဥက္ကဋ္ဌ က ပြောပါတယ်။

အစောပိုင်းတုန်းက လွှတ်တော် ပန်းဥယျာဉ်ဝန်းထဲကို အဲဒီ လူအုပ်ကြီးက အတင်းဝင်ရောက်၊ မီးရှူးမီးပန်း၊ဗျောက်အိုးတွေ ဖေါက်ခဲ့ကြပြီး အမတ်တွေကို တုတ်တွေ သံချောင်းတွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။

လူအတော်များများ ခေါင်းမှာ သွေးထွက်သံယို ဒဏ်ရာတွေ ရခဲ့တာကို ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့်မှုတွေကနေ တွေ့နေရပါတယ်။

လွှတ်တော်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးရဲအစောင့်တွေက လူအုပ်ကြီးဝင်လာတာကို ဘာမှမလုပ်ပဲ ဒီအတိုင်း လက်ပိုက် ကြည့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အစိုးရကတော့ ဒီကိစ္စ အဖြစ်မှန် ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးမှု တခု လုပ်ပေးမယ်။ အပြစ်ရှိသူတွေကို အရေးယူသွားမယ်လို့ ကတိပေး ပြောဆိုလိုက်ပါတယ်။

ပါလီမန် လွှတ်တော်ထဲ ဒီလို ဝင်ရောက် တိုက်ခိုက်ခဲ့တာဟာ ဒီမိုကရေစီ စံနမူနာ စည်းမျဉ်းတွေကို စော်ကားမှု ဖြစ်တယ်လို့ အမေရိကန် အစိုးရက ရှုတ်ချ ပြောဆိုလိုက်သလို မက္ကဆီကို နိုင်ငံကလည်း ပါလီမန် လွှတ်တော်ရဲ့ အချုပ်အခြာကို လေးစားဖို့ လိုတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ ရှုပ်ထွေး ဆိုးဝါးနေချိန်မှာပဲ အခုဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

အတိုက်အခံတွေ ကြီးစိုး နေတဲ့ အခု လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော်သစ်တခု ဖွဲ့စည်းဖို့ တရားရုံးချုပ်က ထောက်ခံတဲ့ သမ္မတ မက်ဒူရို အစိုးရက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း ဟူဂို ရှာဗက်ဇ်ကို ကာလတာရှည် ထောက်ခံခဲ့သူ ရှေ့နေချုပ် အော်စကာ အော်တီဂါက ဒီလို လွှတ်တော်သစ် ဖွဲ့မှာကို အဓိက ဆန့်ကျင် ကန့်ကွက်နေပြီး တရားရုံးချုပ် အမှုဆောင်အဖွဲ့နဲ့ အခြေအတင် ဖြစ်နေတာပါ။

လတ်တလော လပိုင်းတွေအတွင်း အကြမ်းဖက် ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်ခဲ့ပြီး ဧပြီလကတည်းက ဆိုရင် အကြမ်းဖက်မှုတွေ အတွင်း သေဆုံးသူပေါင်း အနည်းဆုံး ၉၀လောက် ရှိသွားပြီ ဖြစ်ပါတယ်။