ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်တွေကြား သဘောထားကွဲနေ

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟန်းဘတ်မြို့က ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း

ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ ဒီကနေ့စတင်တဲ့ ဂျီ၂၀ထိပ်သီး အစည်းအဝေးမှာ လုံခြုံမှုတွေ တင်းကြပ်ထားပြီး မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေကြောင့် မီးသတ်ပိုက်နဲ့ လူစုခွဲ ခဲ့ရပါတယ်။

ကမ္ဘာ့လူဉီးရေ သုံးပုံ၂ပုံလောက်ကို ကိုယ်စားပြုမယ့် ၂ရက်တာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်နဲ့ ရုရှားသမ္မတတို့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ကြမယ့် အစီအစဉ်က အရာရာကို လွှမ်းမိုးနေပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီး ၆လလောက် အကြာမှာ ရုရှားသမ္မတ ပူတင်နဲ့ ထိပ်သီး အစည်းအဝေးမှာ ဘယ်သူနိုင်မလဲဆိုတာ ယှဉ်ပြိုင်ရတော့မှာပါ။

ရုရှားဟာ အမေရိကန်ရွေးကောက်ပွဲမှာ မမျှော်လင့်တဲ့အနိုင်ရသူနဲ့ အပေးအယူလုပ်ဖို့ ဝင်ရောက်စွက်ဖက်တယ်လို့အစွပ်အစွဲခံရပါတယ်။ ဒီလိုစွက်ဖက်တယ်ဆိုတာ ဖြစ်နိုင်ကြောင်း ကိုသမ္မတထရမ့်က လက်ခံပါတယ်။နောက်တခါ ရုရှားဟာ ယူကရိန်းမှာ မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့ ထရမ့်က စွပ်စွဲမှုတွေလုပ်ပါတယ်။ ဒီအချက်ကို ရုရှားအစိုးရက ငြင်းဆန်ပါတယ်။ ခေါင်းဆောင်၂ယောက်တို့ဟာ ဘုံသဘောတူညီချက် ရအောင်ရှာဖို့မျှော်လင့်ရပါတယ်။

ဒါပေမယ့်အခု ပုဂ္ဂိုလ်ရေးအရ ယှဉ်ပြိုင်မှုကိုကြည့်ရင် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေကြားမှာ ကြီးမားတဲ့ ကွဲပြားမှုတွေရှိနေတယ်ဆိုတာကိုပြသရာရောက်ပါတယ်။ ကမ္ဘာကြီး အပူချိန် မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ကမ္ဘာက လက်ခံထားတဲ့ပဲရစ် သဘောတူညီချက်ကို သမ္မတထရမ့် တယောက်ထဲက ငြင်းဆန်နေပါတယ်။

ဒါပေမယ့် ဂျာမနီ ဝန်ကြီးချုပ် မာကဲလ်က တော့အိမ်ရှင် အနေနဲ့ အများရဲ့ ရပ်တည်ချက်ကို ကာကွယ်ဖို့ ကြိုးစားရ ပါလိမ့်မယ်။ နောက်တခါ အကြိတ်အနယ် ဆွေးနွေး ကြရမယ့်အထဲမှာ ကုန်သွယ်ရေးကိစ္စတွေနဲ့ မြောက်ကိုရီးယားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာတွေလည်း ပါဝင်ပါတယ်။ ထိပ်သီး ဆွေးနွေးပွဲတွေဟာ စိတ်ဝမ်းကွဲပြားမှုကို သိသိသာသာ သက်သာစေနိုင်ပေမယ့် ဒီတခေါက် ထိပ်သီး ဆွေးနွေးပွဲကတော့ ချွင်းချက်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဟန်းဘတ်ရှိ ဘီဘီစီ သံတမန်သတင်းထောက် James Robins ကသတင်းပေးပို့ထားပါတယ်။