ဆီးရီးယားအပစ်ရပ်ရေး ကန်နဲ့ ရုရှ သဘောတူ

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MICHAEL KLIMENTYEV / SPUTNIK / KREMLIN POOL / POOL
Image caption ထရမ့်နဲ့ ပူတင်တို့ ခေါင်းစဉ် တော်တော်များများ ဆွေးနွေး

ဆီးရီးယား အနောက်တောင်ပိုင်းမှာ ဒီ တနင်္ဂနွေနေ့က စပြီး အသက်ဝင်လာမယ့် အပစ်ရပ်စဲရေး ယူဖို့ အမေရိကန်၊ ရုရှနဲ့ ဂျော်ဒန်တို့ သဘောတူလိုက်ကြပါပြီ။

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် နဲ့ ရုရှ ခေါင်းဆောင်တွေ လူချင်း ပထမဆုံး အကြိမ် တွေ့ကြပြီးနောက် ဒီလို အပစ်ရပ်စဲရေး ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ ၂ ဘက်စလုံးက သဘောတူထားတဲ့ နယ်သတ်မျဉ်းတလျောက် အပစ်ရပ်စဲရေး ယူမယ်လို့ ဂျော်ဒန် ဘက်က ပြောပါတယ်။

ဂျာမနီ နိုင်ငံ ဟမ်းဘတ်မြို့မှာ ကျင်းပတဲ့ G20 စက်မှု အင်အားကြီး နိုင်ငံတွေရဲ့ ဆွေးနွေးပွဲ အတွင်း ထရမ့်နဲ့ ပူတင်တို့ ခေါင်းစဉ် အကြောင်းအရာတွေ တော်တော်များများ ဆွေးနွေးခဲ့ကြပါတယ်။

ရုရှ၊ အမေရိကန်နဲ့ ဂျော်ဒန် ကျွမ်းကျင်သူတွေ စုဝေးပြီး ဂျော်ဒန် နိုင်ငံ အမ္မန် မြို့တော်မှာ ညှိနှိုင်းခဲ့ကြပါတယ်။ ဆီးရီးယား အနောက်တောင်ပိုင်းမှာ စစ်ရှိန်တွေ လျှော့ချဖို့ ဇုန်နယ်တွေ ဖန်တီးပေးဖို့ နားလည်မှု စာချွန်လွှာကို သူတို့ သဘောတူခဲ့ကြတယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ဗရော့ဗ် က ဆိုပါတယ်။

ဒါရာ၊ As-Suwayda စတဲ့ ခရိုင်တွေမှာ ဇူလိုင်လ ၉ ရက် ဆီးရီးယား စံတော်ချိန် နေ့လယ် ၁၂ နာရီကနေ စပြီး အပစ်ရပ်စဲရေး စမယ်လို့လည်း သူက ဆိုပါတယ်။

၂ဝ၁၁ မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက စခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ် အတွင်း လူ ၃ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ထပ် လူ ၅ သန်းခွဲ နိုင်ငံက ထွက်ပြေးခဲ့ရပြီး လူ ၆ သန်းကျော်လောက် ပြည်တွင်းမှာ အခြေပျက် ရွှေ့ပြောင်းခဲ့ရတယ် လို့လည်း ကုလ သမဂ္ဂ ဘက်က ထုတ်ပြန်ပါတယ်။

ရုရှနဲ့ အမေရိကန် ၂ ဘက်စလုံးက ဆန့်ကျင်ဘက် အုပ်စုတွေကို ထောက်ခံခဲ့ကြပြီး ရုရှက ဆီးရီးယား အစိုးရကို ထောက်ခံချိန်မှာ အမေရိကန်က သမ္မတ ဘရှား အာဆတ် ဖယ်ရှားရေး တောင်းဆို နေခဲ့ပါတယ်။

ဒီအပစ်ရပ်စဲရေးကို လက်နက်ကိုင် အားလုံးက လိုက်နာသလား စောင့်ကြည့်ဖို့ ရုရှနဲ့ အမေရိကန် တို့က ဂျော်ဒန်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဆီးရီးယား တခြား ဒေသတွေနဲ့ ပတ်သက်ပြီး နိုင်ငံကြီး ၂ ခုကြား ဆွေးနွေးခဲ့ကြပြီး စစ်ရှိန်တွေ လျော့အောင် လက်တွဲ ဆောင်ရွက်ကြမယ်၊ ဆီးရီးယား အပေါ် ၂ နိုင်ငံလုံးက ထားတဲ့ ရည်မှန်းချက်တွေ တူကြပေမယ့် နည်းဗျူဟာပိုင်း ကွာခြားတာသာ ရှိတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ