ထရမ့်နဲ့ ပူတင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့

  • 8 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတထရမ့်နဲ့ သမ္မတပူတင်တို့ G20 ထိပ်သီးဆွေးနွေးပွဲရဲ့ အရန် ဆွေးနွေးပွဲမှာ တွေ့ဆုံ ဆွေးနွေး

အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဂျာမနီနိုင်ငံ Hamburg မြို့မှာ ကျင်းပတဲ့ G-20 စက်မှု ထိပ်သီး ဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား ဝင်စွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှား ဝင်စွက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန်ပြည်သူတွေ စိုးရိမ်နေကြတယ်ဆိုတဲ့အကြောင်း သမ္မတပူတင်နဲ့ တွေ့တွေ့ချင်း သမ္မတ ထရမ့်က ပြောခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အားရပါးရ အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောပြပါတယ်။

အဲဒီတုန်းက ဘာဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သဘောတူကြမလား ဆိုတာကိုတော့ အသေအချာ မသိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မစ္စတာ ထရမ့် သမ္မတ ဖြစ်လာရေးမှာ ရုရှားပါဝင် ပတ်သက်မှု မရှိခဲ့ဘူးဆိုတဲ့ သမ္မတပူတင်ရဲ့ အာမခံ ပြောကြားချက်ကို သမ္မတထရမ့်က လက်ခံခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကပြောပါတယ်။