ဂျီ၂၀အစည်းအဝေးအပြီး ရာသီဥတုဖောက်ပြန်မှုကိစ္စ သဘောထားကွဲ

  • 8 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် German Government
Image caption ဆွေးနွေးမှု အခက်အခဲတွေ ရှိနေတယ်လို့ အစောပိုင်းကတည်းက ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ပြောဆိုထားခဲ့

ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ စက်မှုထိပ်သီးနိုင်ငံ၂၀ ရဲ့ ဂျီ၂၀ အစည်းအဝေးမှာ ကုန်သွယ်ရေးအပါအဝင် အားလုံးနီးပါးသဘောတူပြီး ဖြစ်ပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာတော့ အမေရိကန်နဲ့ တခြားနိုင်ငံတွေအကြား သဘောထားကွဲလွဲမှုရှိခဲ့ပြီး အမေရိကန်က ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို လက်မခံဘူးဆိုတဲ့အချက်ကို တခြား ၁၉ နိုင်ငံက အသိအမှတ် ပြုခဲ့ရပါတယ်။

အမေရိကန်အနေနဲ့ ကျောက်မီးသွေးနဲ့ ဓါတ်ငွေ့ အစရှိတဲ့ မြေထွက်လောင်စာတွေ ဖော်ထုတ်ချင်တဲ့ တခြား နိုင်ငံတွေကို ကူညီမယ့် ကိစ္စကိုလည်း အစည်းအဝေး ပြီးဆုံးကြောင်း မှတ်တမ်းမှာ ထည့်သွင်းပေးခဲ့ရပါတယ်။

ကုန်သွယ်ရေးအပိုင်းမှာတော့ တရားသဖြင့် ကုန်သွယ်ရေးကာကွယ်မှုတွေ လုပ်သင့်ကြောင်း အသိအမှတ်ပြုကြသလို ကိုယ်ကျိုးစီးပွားကာကွယ်တဲ့စနစ်ကိုလည်း တိုက်ဖျက်ဖို့ လိုကြောင်း သဘောတူခဲ့ကြပါတယ်။

ဂျီ ၂၀ အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန်သမ္မတ ထရမ့်ဟာ အစောပိုင်းမှာ ယူကေဝန်ကြီးချုပ် ထရီစာမေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး 'ကျနော်တို့ နှစ်နိုင်ငံလုံးအတွက် ကြီးကြီးမားမား ကုန်သွယ်ရေး သဘောတူမှု လုပ်ဖို့ရှိပါတယ်။

နှစ်နိုင်ငံစလုံးအတွက် ကောင်းမယ့် ဒီသဘောတူညီမှုကို မြန်မြန်ပြီးအောင် လုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်' ဆိုပြီး

မစ္စတာ ထရမ့်က မစ္စက် ထရီစာမေနဲ့ တွေ့ဆုံတဲ့အချိန်မှာ စာနယ်ဇင်းသမားတွေကို ပြောကြားခဲ့ပါတယ်။

သူဟာ တရုတ်သမ္မတ ရှီဂျင်ပင်း အပါအဝင် အင်ဒိုနီးရှား ခေါင်းဆောင်တွေနဲ့လည်း ၂ ရက်ဆက် သီးခြား ဆွေးနွေးပွဲတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားအရေး၊ အကြမ်းဖက်ဝါဒနဲ့ အွန်လိုင်း ဆိုင်ဘာ လုံခြုံရေးတွေကို ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့ရတဲ့ တွေ့ဆုံမှုကိုလည်း ကြီးမားတဲ့ တွေ့ဆုံမှု တခုအဖြစ် မစ္စတာ ထရမ့်က ရည်ညွှန်းခဲ့သလို ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကယ်ကိုလည်း အစည်းအဝေးကို ဆန္ဒပြသူတွေ ရှိတဲ့ကြားက အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရဲတွေဘက်က ဒိုင်းတွေ၊ နံပါတ်တုတ်တွေ အပါအဝင် မီးသတ်ပိုက်တွေ၊ ငရုတ်ရည် ဖျန်းဆေးတွေ၊ မျက်ရည်ယို ဗုံးတွေကို အသုံးပြုပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့

အစည်းအဝေးကျင်းပရာ ဟမ်းဘတ်မြို့မှာတော့ ဂျာမနီက မြို့အသီးသီးကသာမက ဆွစ်ဇာလန်၊ အီတလီနဲ့ မြောက်ဥရောပနိုင်ငံတွေက လာရောက်ကြတဲ့ လက်ဝဲအစွန်းရောက် ဗဟိုချုပ်ကိုင်မှု ဆန့်ကျင်ရေး ဝါဒီတွေ၊ အမေရိကန်သမ္မတ ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ကို ဆန့်ကျင်သူတွေ အပါအဝင် နိုင်ငံတကာ ငွေကြေးချမ်းသာ မညီမျှမှုကို ဆန့်ကျင်တဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေးသမားတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ ၂ ညဆက်တိုက် လူအင်အား သိန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ ရှိနေခဲ့ပြီး သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ရဲအရာရှိတွေထဲက ၂၀ဝ နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီဆန္ဒပြမှုတွေကို ထိန်းသိမ်းဖို့ ချထားတဲ့ ဂျာမန်ပြည်တွင်းရဲ အရေအတွက် ၂သောင်းနဲ့ မလုံလောက်တဲ့အတွက် သြစတြီးယားနိုင်ငံက ရဲတွေကိုပါ အစောပိုင်းက အကူအညီ တောင်းခဲ့ရပါတယ်။

အခုလို ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူက အများစု ဖြစ်ပေမယ့် တချို့ ဆန္ဒပြသူတွေက ကားတွေ မီးရှို့တာ၊ ရဲတွေကို မီးရှူးမီးပန်းတွေနဲ့ ပေါက်တာ၊ အနီးပတ်ဝန်းကျင်က ဆိုင်တွေ၊ ငွေထုတ်စက်တွေကို လုယူ ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

ရဲတွေဘက်ကလည်း ဒိုင်းတွေ၊ နံပါတ်တုတ်တွေ အပါအဝင် မီးသတ်ပိုက်တွေ၊ ငရုတ်ရည် ဖျန်းဆေးတွေ၊ မျက်ရည်ယို ဗုံးတွေကို အသုံးပြုပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့သလို ဒါဇင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ