မိုဆူးလ်ကို သိမ်းပိုက်နိုင်ပြီလို့ အီရတ်ဝန်ကြီးချုပ် ကြေညာ

  • 9 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်တပ်ဖွဲ့ဝင်တွေဟာ ကာ့ဒ်၊ဆူနီနဲ့ ရှီအာ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းအကူအညီနဲ့ မိုဆူးလ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်ရဲ့ လက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ် အဘာဒီက ကြေညာလိုက်ပါတယ်။

မစ္စတာ အယ် အဘာဒီက အခုလို အောင်မြင်မှုအတွက် အီရတ်စစ်တပ်နဲ့ ပြည်သူတွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မကြာခင်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့အသံတွေကို ကြားနေဆဲဖြစ်တယ်လို့ ဒေသခံ ဘီဘီစီ သတင်းထောက်က ပြောဆိုခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ မီးခိုးလုံးကြီးတွေကို မြင်နေရဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မိုဆူးလ်မြို့တွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေအရကတော့ တိုက်ဂရစ်မြစ်ကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ စစ်သွေးကြွ အယောက် သုံးဆယ်ကို ပစ်သတ်နိုင်ခဲ့တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

အီရတ်တပ်ဖွဲ့ဝင်တွေဟာ ကာ့ဒ်၊ဆူနီနဲ့ ရှီအာ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းအကူအညီနဲ့ မိုဆူးလ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေခဲ့တာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ကတည်းက ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလရောက်မှ မိုဆူးလ်မြို့ရဲ့ အရှေ့ခြမ်းကို လုံးဝ သိမ်းပိုက်နိုင်ပြီဆိုပြီး အီရတ်အစိုးရက ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လမ်းကျဉ်းကျဉ်းတွေရှိတာ များတဲ့ မြို့ရဲ့ အနောက်ခြမ်းကို ဆက်လက် သိမ်းပိုက်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့ရပြီး မြို့ဟောင်းနေရာကွက်ကွက်လေးမှာ အိုင်အက်စ်တွေက အပြင်းအထန် ခုခံနေခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ မိုဆူးလ်မြို့ကို ၂၀၁၄ခုနှစ် ဇွန်လကတည်းက သိမ်းပိုက်ထားခဲ့တာ ဖြစ်ပြီး အိုင်အက်စ်ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေ အတွင်း စစ်မဖြစ်ခင်က မြို့ခံလူဦးရေရဲ့ တဝက်ဖြစ်တဲ့ အရပ်သား ကိုးသိန်းလောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

အခုလို အိုင်အက်စ်အဖွဲ့ မိုဆူးလ်ကို လက်လွှတ်ရပြီ ဆိုပေမယ့် အီရတ်ရဲ့ တခြားခရိုင် လေးငါးခုမှာတော့ သူတို့ရဲ့ အခိုင်အမာ တပ်စခန်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ