တူရကီ အစိုးရကို အကြီးမားဆုံး အာခံနေ

  • 9 ဇူလိုင် 2017
Image caption သမ္မတ အာဒိုအန် အပေါ် လူအင်အား အများဆုံးနဲ့ ဆန့်ကျင်လာ

တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့မှာ လူတွေ သိန်းချီ ဆန္ဒပြ ခဲ့ကြပြီး၊ အတိုက်အခံ ခေါင်းဆောင် ကယ်မဲလ် ကာလပ်ချ် ဒါးရိုလူး က နိုင်ငံတွင်း တရားမျှတမှု ပြန်လည် ထူထောင်ဖို့ လိုအပ် နေပြီလို့ ဆန္ဒပြ လူထုကြီးကို ဟောပြော ခဲ့ပါတယ်။

အနီနဲ့အဖြူရောင် တူရကီ အလံတွေ ကိုင်ဆောင် ထားတဲ့ လူပင်လယ်ကြီးကို ရုပ်မြင်သံကြား ပေါ် တွေ့ခဲ့ရပြီး ၊ ဒီ ဆန္ဒပြပွဲဟာ လက်ရှိ သမ္မတ ရာဂျစ် တိုင်ရိ(ပ)အာဒိုအန် အပေါ် လူ အင်အား အများဆုံးနဲ့ ဆန့်ကျင် လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းဖို့ ကြံစည်ခံ ခဲ့ရတဲ့ နောက်ပိုင်း အာဒိုအန် အစိုးရဟာ လူပေါင်း မြောက်များစွာကို ရာထူးကနေ ထုတ်ပယ်တာ၊ ဖမ်းဆီး ထောင်ချ တာတွေ ပြုလုပ်ခဲ့တဲ့ အပေါ် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ကာလပ်ချ် ဒါးရိုလူး က ဝေဖန် ရင်းမှာပဲ၊ အခု ချီတက်ပွဲဟာ တူရကီ သမိုင်းသစ် အစပဲ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

တူရကီရဲ့ ဒီမိုကရေစီဟာ အာဒိုအန် အစိုးရကြောင့် ပျက်သုဉ်း နေပြီလို့ ရှုမြင် ထားကြသူတွေဟာ ရက်ပေါင်း ၂၅ ရက် တိုင် ဆန္ဒပြ ချီတက်ပွဲတွေ ပြုလုပ် ခဲ့ကြတာ ဖြစ်ပြီး အဆုံးသတ် နေ့မှာ အခုလို လူတွေ သိန်းနဲ့ချီ ပူးပေါင်း ပါဝင် ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အာဒိုအန်ကတော့ အဲဒီ ချီတက်ပွဲတွေဟာ အကြမ်းဖက် ဝါဒ ကို အားပေးနေတာ ဖြစ်တယ်လို့ စွပ်စွဲ ခဲ့ပါတယ်။