IS တွေကို သမိုင်းရဲ့ အမှိုက်ပုံးထဲ လွှင့်ပစ် နိုင်ခဲ့ပြီ

  • 10 ဇူလိုင် 2017
Image caption အီရတ် တပ်ဖွဲ့ဝင်တွေကိုလည်း ဝန်ကြီးချုပ်က ချီးကျူး စကားဆို

အီရတ် နိုင်ငံ မြောက်ပိုင်းက မိုဆိုးလ်မြို့ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်အောက်က လွတ်မြောက် ခဲ့ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်-အဘာဒီက တရားဝင် ကြေညာ ခဲ့ပြီ ဖြစ်ပါတယ်။

IS တွေကို သမိုင်းရဲ့ အမှိုက်ပုံးထဲ လွှင့်ပစ် နိုင်ခဲ့ပြီလို့ မိုဆိုးလ် မြို့သိမ်းစစ် အောင်ပွဲ မိန့်ခွန်းထဲ ဝန်ကြီးချုပ် အဘာဒီက ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

မိုဆိုးလ်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ အီရတ် တပ်ဖွဲ့ဝင်တွေကိုလည်း ဝန်ကြီးချုပ်က ချီးကျူး ဂုဏ်ပြုစကား ဆိုပါတယ်။

မိုဆိုးလ်မြို့ကို ပြန်လည် ရရှိ လိုက်တာဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ် ဖြစ်ပေမယ့် စစ်ပွဲကြီး တစ်ခုလုံး အနိုင်ရတာ မဟုတ်သေးသလို၊ အီရတ် နိုင်ငံထဲ IS လက်နက်ကိုင်တွေ ရှိနေဆဲပဲလို့ အီရတ်နဲ့ ဆီးရီးယား နိုင်ငံထဲ စစ်ရေး အရ ပါဝင် ပတ်သက်နေတဲ့ မဟာမိတ် တပ်ပေါင်းစုရဲ့ အကြီးအကဲ အမေရိကန် စစ်ဗိုလ်ချုပ် စတိဗ်တောင်ဆင်က ဘီဘီစီကို ပြောပါတယ်။

အီရတ် နိုင်ငံထဲက ဆွန်နီမွတ်ဆလင် အသိုင်းအဝိုင်းနဲ့ သွေးစည်း ညီညွတ်မှသာ IS တွေ ပြန်လည် ခေါင်းမထောင် လာအောင် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး တောင်ဆင်က ဆိုပါတယ်။