ထရမ့်အတွင်းစည်းနဲ့ ရုရှားအစိုးရနဲ့ နီးစပ်သူတို့ တွေ့ဆုံခဲ့

  • 10 ဇူလိုင် 2017
Image caption သမ္မတ ထရမ့်ရဲ့ သားအကြီးဆုံး ထရမ့်ဂျူနီယာ

သမ္မတ ထရမ့်ရဲ့ သားအကြီးဆုံးဟာ ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ရုရှား ရှေ့နေ တစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့ လုပ်ရပ်ဟာ ဘာမှ မှားယွင်းတဲ့ အပြုအမူ မဟုတ်ဘူး ဆိုပြီး အိမ်ဖြူတော်က ကာကွယ် ပြောဆိုပါတယ်။

ဒီ တွေ့ဆုံမှုရဲ့ နောက်ဆက်တွဲ ဘာ အကျိုးဆက်မှ မဖြစ်ပေါ်ခဲ့ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဟပ်ကာဘီ-ဆန်ဒါစ်က ဆိုပေမယ့်၊ အဲဒီ ရှေ့နေက သူ့ဆီမှာ ဟီလာရီ ကလင်တန်ကို ထိခိုက် စေနိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိတယ်လို့ ပြောဆို ထားသူ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် ဂျူနီယာကတော့ သူ့ အနေနဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် စုံစမ်းရေး ကော်မတီ ရှေ့မှောက် လာရောက် ဖြေကြားဖို့ အသင့်ပဲ ဆိုပြီး တွစ်တာ လူမှုကွန်ရက်ပေါ် ရေးသား ထားပါတယ်။

ထရမ့် ဂျူနီယာရဲ့ လုပ်ရပ်ဟာ ရုရှား အစိုးရနဲ့ နီးစပ်သူတွေနဲ့ ထရမ့်ရဲ့ အတွင်းစည်းထဲက သူတွေ တိုက်ရိုက် ဆက်သွယ် စကားပြောဆိုမှုတွေ ရှိခဲ့တာကို ထင်ထင်ရှားရှား ဖော်ပြနေတဲ့ အခိုင်အမာဆုံး သက်သေ တစ်ရပ်အဖြစ် အများက ရှုမြင် နေကြပါတယ်။

ထရမ့် အနိုင်ရခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ထွက်လာမယ့် ရလဒ်အပေါ် လွှမ်းမိုးနိုင်အောင် ရုရှားက စွက်ဖက်မှုတွေ ပြုလုပ် ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။