မစ္စလီ ဒီကနေ့ စစ်တွေကို ရောက်လာမယ်

  • 11 ဇူလိုင် 2017
Image caption မစ္စလီကို ဆန္ဒ ပြကြမယ့် သူတွေလည်း ရှိနေ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်မှာ ရောက်ရှိ နေပါတယ်။

ကျောက်ဖြူမြို့ကနေ စစ်တွေကို မစ္စလီ ဒီကနေ့ (ဇူလိုင် ၁၂ ရက်) မနက်ပိုင်းမှာ ရောက်လာဖို့ စီစဉ်ထားပြီး အဲဒီမှာ မစ္စလီကို ဆန္ဒ ပြကြမယ့် သူတွေလည်း ရှိနေပါတယ်။

အမျိုးသားရေး ပြင်းထန်သူ အဖြစ် ရှုမြင် ခံထားရတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူလည်း စစ်တွေမှာ ရောက်ရှိ နေပါတယ်။

စစ်တွေမြို့ပေါ်မှာ လုံခြုံရေး အထူး တိုးမြှင့် တင်းကြပ်ထားတယ်လို့ ဒေသခံ ရဲအာဏာပိုင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေ ဘေးအန္တရာယ် တစုံတရာ မကျရောက်စေဖို့ ရဲ အင်အား ရာချီ အသုံးပြုပြီး လုံခြုံရေး ယူပေးမယ်လို့ စစ်တွေ ခရိုင်ရဲမှူးကြီး ဝင်းနောင်က ဘီဘီစီကို ပြောပါတယ်။

မစ္စယန်ဟီလီဟာ စစ်တွေ ကနေ မငြိမ်မသက်မှုတွေ ဖြစ်ပေါ် ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တော ဒေသအထိ သွားရောက်ဖို့လည်း စီစဉ် ထားပါတယ်။

ကျောက်ဖြူ ခရီးစဉ် တုန်းကတော့ ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့သလို၊ တရုတ် ရေနံ ဆိပ်ကမ်း တည်ရှိတဲ့ မဒေးကျွန်းက ရွာသားတွေနဲ့ လည်း တွေ့ဆုံ ခဲ့ပါတယ်။