ကာတာကို မဟာမိတ် အဖြစ်လက်ခံဖို့ အမေရိကန် အချက်ပြ

  • 11 ဇူလိုင် 2017
Image caption အမေရိကန် ကာတာ နိုင်ငံခြားရေး ဝန်ကြီးတွေ

အကြမ်းဖက်ဝါဒကို ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ နေမှုတွေကို တိုက်ဖျက်ရေး သဘောတူညီမှု တစ်ရပ် အမေရိကန်နဲ့ ကာတာနိုင်ငံနဲ့ကြား ရရှိ လိုက်ပါတယ်။

ကာတာ နိုင်ငံ ဒိုဟာမြို့တော်မှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆင်က အဲဒီ သဘောတူမှုကို လက်မှတ် ရေးထိုး ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ အပါအဝင် အိမ်နီးချင်း အာရပ် နိုင်ငံတွေနဲ့ ကာတာ အကြား အငြင်းပွားမှုတွေ ပြင်းပြင်းထန်ထန် ရှိနေချိန်မှာ အခုလို သဘောတူမှု ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတလွှားက အကြမ်းဖက် အဖွဲ့တွေကို ကာတာ နိုင်ငံက ထောက်ပံ့ နေတယ် ဆိုတဲ့ စွဲချက်နဲ့ တခြား ပင်လယ်ကွေ့ နိုင်ငံတွေက ကာတာကို ဆက်သွယ်ရေး လမ်းကြောင်းတွေ အကုန် ဖြတ်တောက် ထားပါတယ်။

ကာတာကတော့ စွပ်စွဲမှုတွေကို ငြင်းဆို ထားပါတယ်။

အခုလို အမေရိကန်က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ကာတာနဲ့ကြား သဘောတူမှု ယူလိုက်တဲ့ ခြေလှမ်းဟာ ကာတာဟာ ယုံကြည် စိတ်ချရနိုင်တဲ့ မဟာမိတ် နိုင်ငံတစ်ခု အဖြစ် ကျန်တဲ့ နိုင်ငံတွေကို အချက်ပြလိုက်တဲ့ သဘော ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် နေကြပါတယ်။