တရုတ်တပ် နိုင်ငံခြားမှာ ပထမဆုံးအခြေစိုက်

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် တောင်ပိုင်း ဆိပ်ကမ်းမြို့က တရုတ်သင်္ဘောတွေ ထွက်ခွာ

တရုတ်နိုင်ငံက အာဖရိကအငူစွန်းရှိ ဂျီဘူတီ (Djibouti) မှာ အခြေစိုက်ဖို့ သူတို့ရဲ့ စစ်သည်တွေကို သင်္ဘောနဲ့ စေလွှတ်လိုက်တယ်လို့ အစိုးရ မီဒီယာ ဆင်ဟွာက ပြောပါတယ်။

ဒါဟာ ပြည်ပမှာ ပထမဆုံး အကြိမ် အဖြစ် တရုတ် တပ်ဖွဲ့ဝင်တွေ အခြေစိုက် စခန်းချတာလည်း ဖြစ်ပါတယ်။

ဒီစခန်းဟာ ထောက်ပံ့ရေး စခန်း ဖြစ်ပြီး အာဖရိကနဲ့ အနောက် အာရှမှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်တွေ အချင်းချင်း ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက်တာ၊ ရေတပ် လေ့ကျင့်ခန်းတွေ ပြုလုပ်တာနဲ့ ကယ်ဆယ်ရေးစ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဒီစခန်းကို အသုံးပြုမယ်လို့ ဆင်ဟွာက ဆိုပါတယ်။

အာဖရိကမှာ တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ရှိပြီး အခု နှစ်ပိုင်းထဲမှာ တရုတ်စစ်တပ်ဟာလည်း ခေတ်မီတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

ဂျီဘူတီ (Djibouti) နဲ့ အီသီယိုးပီးယား မြို့တော် အဒစ်အဘားဘား (Addis Ababa) ကို ဆက်သွယ်ထားတဲ့ ရထားလမ်း တခုကိုလည်း တရုတ်အစိုးရက ဆောက်လုပ်ပေးထားပါတယ်။ အပြန်အလှန်အားဖြင့် အာဖရိကတိုက်က တရုတ်ပြည်ကို သဘာဝသယံဇာတ၊ သတ္တုနဲ့ စွမ်းအင်တွေ ထောက်ပံ့ပါတယ်။

ဆင်ဟွာ သတင်းမှာ အင်္ဂါနေ့က တရုတ် တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ယန်ဂျန်း (Zhanjiang) ဆိပ်ကမ်းမြို့ကနေ တရုတ်သင်္ဘောတွေ ထွက်ခွာသွားတယ်လို့ ပါရှိပါတယ်။

ဒါပေမယ့် သင်္ဘောအရေအတွက် ဘယ်လောက် ထွက်သွားတယ်၊ စစ်သည် အင်အား ဘယ်လောက် ပါသွားတယ် ဆိုတာကို ဖော်ပြထားတာ မတွေ့ရသလို ဂျီဘူတီ (Djibouti) အခြေစိုက်စခန်းမှာ ဘယ်အချိန် လုပ်ငန်းတွေ စတင်မလဲ ဆိုတာလည်း မသိရသေးပါဘူး။

ဒီ အခြေစိုက်စခန်း စတင် ထားရှိတာကို အဲဒီ ဒေသတွင်းမှာ တရုတ်စစ်တပ် လွှမ်းမိုးလိုမှု အဖြစ် နိုင်ငံတကာက ရှုမြင်ကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ ထုတ် တရုတ် အစိုးရ သတင်းစာ ဂလိုဘယ်လ်တိုင်းမ် ရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ တရုတ်ရဲ့ စစ်အင်အားချဲ့ထွင်မှုဟာ နိုင်ငံကို ကာကွယ်ဖို့ ဖြစ်ပြီး ကမ္ဘာကြီးကို ချုပ်ကိုင်ဖို့ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

ဂျီဘူတီ (Djibouti) မှာ အမေရိကန်၊ ဂျပန်၊ ပြင်သစ် နိုင်ငံတွေရဲ့ စစ်တပ်အခြေစိုက်စခန်းတွေ ရှိတယ်လို့လည်း အဲဒီ သတင်းစာက ထောက်ပြထားပါတယ်။

ဂျီဘူတီ ဟာ အာဖရိက အငူက ပင်လယ်ရေကြောင်း သင်္ဘောသွားလာတာ များတဲ့ လမ်းကြောင်းပေါ်မှာရှိလို့ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှု ခံရတဲ့ အပြင် နိုင်ငံရေးအရ တည်ငြိမ်မှု မရှိတဲ့ ဒေသတွင်းမှာ တည်ငြိမ် အေးချမ်းနေတဲ့ တိုင်းပြည်ငယ်လေး ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ၂ဝ၁၅ တုန်းကလည်း သူတို့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား ငြိမ်းချမ်းရေး အဖွဲ့ကို တောင်ဆူဒန်ကို စေလွှတ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ