ဘရာဇီးလ် သမ္မတဟောင်း အဂတိမှုနဲ့ ထောင်ဒဏ်ကျ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အဂတိလိုက်စားမှု ဆိုင်ရာ ရုံးတင် စစ်ဆေးမှု ၅ခုနဲ့ သမ္မတဟောင်း လူလာ ရင်ဆိုင်ရ

ဘရာဇီးလ်နိုင်ငံမှာ သမ္မတဟောင်း Luiz Inacio Lula da Silva ကို အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ဒဏ် ၉နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဒီပြစ်ဒဏ်ကြောင့် ဘရာဇီးလ်ပြည်သူတွေအကြား သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာမှာပါ။

သမ္မတဟောင်း လူလာဟာ ဘရာဇီးလ်နိုင်ငံ လက်ရှိ သမိုင်းမှာ လူကြိုက်အများဆုံး သမ္မတ တဦး ဖြစ်ခဲ့ပြီး ၂၀၁၀ခုနှစ် သူ သမ္မတရာထူးကနေ နှုတ်ထွက်ချိန်မှာ သူ့ကို ထောက်ခံအားပေးသူတွေ ၈၀ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

ဒါတောင်မှ Operation Car Wash လို့ အမည်ပေးထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကြီးကနေ မလွတ်ခဲ့ပါဘူး။

နိုင်ငံရေး အဂတိလိုက်စားမှုတွေအပေါ် ဘရာဇီးလ် ပြည်သူတွေ အမျက်ဒေါသ ထွက်နေကြချိန် လွန်ခဲ့တဲ့ ၃နှစ်လောက်က ဒီစုံစမ်းစစ်ဆေးမှုကြီးကို စလုပ်ခဲ့တာပါ။

လာဘ်ငွေတွေ ပေးပြီး အစိုးရပိုင် Petrobras ရေနံကုမ္ပဏီကြီးနဲ့ ကန်ထရိုက် ရတဲ့ ကုမ္ပဏီတွေအပေါ် အဓိက ထားပြီး စုံစမ်းခဲ့ရာမှာ ဒီစုံစမ်းစစ်ဆေးမှုအရ အဂတိလိုက်စားမှုနဲ့ ငွေကြေး ခဝါချခဲ့မှုနဲ့ သူ့ကို အခုလို ထောင်ဒဏ် အပြစ်ပေးလိုက်တာပါ။

Petrobras ရေနံ ကုမ္ပဏီကြီးနဲ့ ကန်ထရိုက် ရထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတခုကို သူက အကူအညီပေးခဲ့ပြီး အပြန်အလှန်အားဖြင့် ဒေါ်လာ တစ် ဒဿမ ၃ သန်းတန်ဘိုးရှိတဲ့ အပန်းဖြေ ကမ်းခြေ တိုက်ခန်းကြီးတခန်းကို အဲဒီ ကုမ္ပဏီက တိတ်တဆိတ် အကျအနပြင်ဆင် ပေးအပ်ခဲ့တယ် လို့ စွပ်စွဲခံထားရပါတယ်။

မစ္စတာ လူလာကတော့ ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့ ပြောကြားလိုက်ပြီး သူ့အနေနဲ့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

တရားရုံးက သူ့ကို ထောင်ဒဏ် ချမှတ်လိုက်ပေမယ့် လောလောဆယ်မှာတော့ သူ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရမှာ မဟုတ်သေးပဲ အယူခံဝင်ခွင့် ရမှာ ဖြစ်ပါတယ်။

အဲဒီလို ဥပဒေကြောင်းအရ အယူခံဝင်နေစဉ်မှာ မစ္စတာ လူလာဟာ လာမယ့် နှစ်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ဝင်အရွေးခံခွင့် ရှိမှာ ဖြစ်ကြောင်း တောင်အမေရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် Katy Watson က သတင်းပေးပို့ထားပါတယ်။