လူရှောက်ဘိုရဲ့ နိုင်ငံရေးဘဝ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လူရှောက်ဘိုနဲ့ဇနီး

တရုတ်နိုင်ငံမှာ လူသိအများဆုံးနဲ့ သြဇာ အကြီးမားဆုံး အစိုးရကို ဆန့်ကျင်သူ လူရှောက်ဘိုဟာ အသက် ၆၁နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ မနေ့က ကွယ်လွန် သွားပါတယ်။ သူဟာ တရုတ်နိုင်ငံ ဒီမိုကရေစီထွန်းကားဖို့ လူထုကို တာဝန်ခံနိုင်တဲ့ အစိုးရမျိုးဖြစ်ဖို့ နှစ်ရှည်လများ ကြိုးပမ်းခဲ့ပါတယ်။

သူ့ရဲ့အဓိက နိုင်ငံရေးစွမ်းဆောင်ချက် တွေထဲမှာ ၁၉၈၉ခုနှစ် တန်အင်မင် ရင်ပြင် ကျောင်းသား ဆန္ဒပြပွဲဖြစ်ပြီး တရုတ်ပြည်သူ့ တပ်မတော်က နှိမ်နင်းလို့လူ အများအပြား သေဆုံးခဲ့ရပါတယ်။

လူနဲ့တခြား တက်ကြွ လှုပ်ရှားသူတွေဟာ ဆန္ဒပြသူရာပေါင်းများစွာ ဘေးကင်း လွတ်မြောက်အောင် ညှိနှိုင်းပေးခဲ့ပြီးဆန္ဒပြသူ အသက်ပေါင်း များစွာကယ်တင်သူ အဖြစ်နံမည် ရခဲ့ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်လို့ ထောင်ဒဏ် ၁၉လကျခဲ့ပေမယ့် လူကတော့ ဖိနှိပ်ခံရတာကို သိပ်အမှုမထားပါဘူး။

ပီကင်းအိုလံပစ် ပွဲတော်ကျင်းပတဲ့ စ်မှာပဲလူနဲ့ အပါင်းအပါတွေဟာ တရုတ်နိုင်ငံမှာ တပါတီစနစ် ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီကို ပြောင်းဖို့ တောင်းဆိုတဲ့ နိုင်ငံရေး ကြေညာစာတမ်း တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီတခေါက်မှာတော့ တရုတ်အစိုးရကနိုင်ငံတော် အာဏာကို ဖျက်ဆီးဖို့လှုံ့ဆော်တယ် ဆိုပြီးထောင်ဒဏ် ၁၁နှစ်ချခဲ့ပါတယ်။

၂၀၁၀မှာတော့ တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးရဖို့ အကြမ်းမဖက်တဲ့ နည်းနဲ့နှစ်ရှည်လများ တိုက်ခိုက်ခဲ့တဲ့ လူရှောက်ဘိုဟာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေမှာ ဆုယူဖို့ တရုတ်အစိုးရက သူ့ကို သွားရောက်ခွင့် မပြုခဲ့ဘူး။

သူဟာ မကြာမီက အသဲကင်ဆာ ရောဂါနဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာပြီးအခုနှစ် ဇွန်လမှာ ထောင်ကနေ ဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ပါတယ်။ နိုင်ငံတကာက အမျိုးမျိုးတောင်းဆို ဝေဖန်ခဲ့ပေမယ့် လူရှောက်ဘိုကို ဆေးရုံမှာလုံခြုံရေး ချထားခံရပါတယ်။

တရုတ်အစိုးရက လူရှောက်ဘိုရဲ့ နိုင်ငံရေး ခံယူချက်နဲ့ လှုပ်ရှားမှုကိုရပ်သွားအောင်မလုပ်နိုင်ခဲ့ပေမယ့် ကင်ဆာရောဂါက သူ့လုပ်ရပ်တွေဆုံးခန်းတိုင်အောင် လုပ်သွားသလို ဖြစ်နေပါတယ်။

တဖက်ကလည်း သူ့ရဲ့စာပေတွေ အတွေးအခေါ်နဲ့တရုတ်နိုင်ငံအတွက် ထားရှိတဲ့ အမြော်အမြင်တွေ ကတော့ ဖျောက်ဖျက်ပစ်ဖို့ အလွန်ခက်ခဲ လိမ့်မယ်လို့ ဘီဘီစီသတင်းထောက် Stephen McDonnel ကသုံးသပ်သွားပါတယ်။