ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း လွှတ်တော် တင်သွင်း

  • 14 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လာမယ့် ၂၄ရက်နေ့လောက်မှာ စဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ရ

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က အမျိုးသား လွှတ်တော်ကို မနေ့က တင်သွင်း ခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းထဲမှာ မူလ ဥပေဒကို ထူးထူးထွေထွေ ပြင်ဆင်ထားတာမျိုး မပါကြောင်းနဲ့ အာမခံ ရအောင် ပြင်ထားတဲ့အချက်၊ ပုဒ်မ ၈၀ (ခ)မှာပြဋ္ဌာန်းထားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ကြိုတင် ခွင့်ပြုချက် ယူရတယ်ဆိုတဲ့ အပိုင်းကို ဖြုတ်ချထားခဲ့တဲ့ အချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကြားလူက တရားစွဲတဲ့ ကိစ္စတွေ ထပ်မဖြစ်အောင် တတိယလူ အထူးသဖြင့် ကိုယ်စားလှယ် လွှဲစာပါမှ စွဲရမယ်၊ ကိုယ်တိုင်စွဲမှ တရားရုံးက လက်ခံရမယ် ဆိုတဲ့ အချက် ၃ချက်ပဲ ပါတယ်လို့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး သုတေသန အဖွဲ့က ကဗျာဆရာ မောင်ဆောင်းခက ဘီဘီစီကို ပြောပါတယ်။

၆၆ဃ အပါအဝင် အခြား အချက် ၂၃ချက်ကို ပြင်ဆင် ပြောင်းလဲ သုံးသပ်ရမယ် ဆိုပြီး လွှတ်တော်ကိုရော အစိုးရအဖွဲ့ကိုပါ သူတို့ ပေးပို့ခဲ့တာ ဖြစ်ပေမယ့် အဲဒီ အချက်တွေထဲက တချက်မှ မပါပဲ အခုဒီဥပေဒကြမ်း ထွက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသရေဖျက်မှု ဆိုတဲ့ ပုဒ်မကတော့ ကျန်ရှိနေပြီး အသရေဖျက်မှုနဲ့ တရားစွဲချင်ရင် ဒီပုဒ်မကိုပဲ သုံးမှာ ဖြစ်တဲ့အတွက် ၆၆ဃကို သုံးပြီး တရားစွဲတဲ့ အမှုတွေကတော့ လုံးဝရပ်သွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးဖို့ လာမယ့် ၁၈ရက်မှာ စာရင်းပေးရမှာ ဖြစ်ပြီး လာမယ့် ၂၄ရက်နေ့လောက်မှာ စဆွေးနွေးနိုင်ဖို့ ယူဆကြောင်းလည်း ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး သုတေသန အဖွဲ့က ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။