မစ္စစ်လျူကို လွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆိုနေ

  • 14 ဇူလိုင် 2017
Image caption မစ္စလျူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် စိုးရိမ်

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် တရုတ် နိုင်ငံရေး အတိုက်အခံ လျူရှောင်ဘို ဆုံးပါး သွားတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ ဝေဖန်မှုတွေကို တရုတ်အစိုးရ ပယ်ချ လိုက်ပါတယ်။

အသည်းကင်ဆာ ဝေဒနာ နဲ့ ဆုံးပါး သွားတဲ့ နိုင်ငံရေး အတိုက်အခံ လျူရှောင်ဘိုကို ၊ နိုင်ငံခြားထွက် ဆေးကုသခွင့် မပေးခဲ့တဲ့ အချက်အပေါ် အဓိက ထားပြီး တရုတ် အစိုးရ အဝေဖန် ခံနေရတာ ဖြစ်ပါတယ်။

လျူရှောင်ဘိုကို နိုဘယ်ဆု ပေးဖို့ ၂ဝ၁ဝ တုန်းက ဆုံးဖြတ်ခဲ့တဲ့ ရွေးချယ်ရေး ကောမတီက ဆိုရင် ၊ မစ္စတာလျူ သေဆုံးခဲ့ရတာ တရုတ် အစိုးရမှာ တာဝန် အကြီးအကျယ် ရှိတယ် ဆိုပြီး ပြောပါတယ်။

တကယ်လို့ မစ္စတာလျူသာ ပြည်ပထွက်ခွင့် ရခဲ့ရင်၊ ဆေးကုသ ပေးဖို့ ပြင်ဆင် ထားတဲ့ ဂျာမနီ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဆစ်ဂမာ ဂေဘရီရယ် ကလည်း မစ္စတာလျူရဲ့ ကျန်းမာရေးကို လက်လွှဲရယူ ကုသပေးမယ့် ကိစ္စ အထမမြောက်ခဲ့ရလို့ အင်မတန် ဝမ်းနည်း မိတယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရကတော့ လျူရှောင်ဘို ကိစ္စဟာ ပြည်တွင်းရေး သက်သက် ဖြစ်တဲ့ အတွက်၊ ဘယ် နိုင်ငံရပ်ခြား တိုင်းပြည်တွေကမှ မသင့်တော် မဆီလျော်တဲ့ မှတ်ချက်ပြု ပြောဆိုတာတွေ ပြုလုပ်ဖို့ရာ အခွင့် မရှိဘူး ဆိုပြီး တုံ့ပြန် ပါတယ်။

နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင် ၁၁ နှစ် အချ ခံထားရတဲ့ လျူရှောင်ဘိုဟာ တရုတ် အစိုးရရဲ့ ထိန်းသိမ်းမှုအောက် အသည်းကင်ဆာ ရောဂါနဲ့ အသက် ၆၁ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

လျူရှောင်ဘို တစ်ယောက် သူ့ကို တင်ပြီး ကုသထားတဲ့ ဆေးရုံပေါ်မှာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းကို တရုတ် ပြည်တွင်းမီဒီယာတွေ မှာ မဖော်ပြပဲ နှုတ်ဆိတ် နေပါတယ်။

ရေးသားထား သမျှတွေ တရုတ်ပြည်ထဲ အပိတ် ခံထားရသလို အင်မတန် အင်အားကြီးတဲ့ အစိုးရကို တသီးပုဂ္ဂလ တွန်းလှန်ရသူရဲ့ အသံကို ပြည်ပကသူတွေပဲ ကြားခွင့် ရှိပြီး၊ တရုတ်ပြည်တွင်းမှာတော့ လျူရှောင်ဘိုကို သိသူ သိပ်များများ မရှိဘူးလို့ မစ္စတာလျုရဲ့ မိတ်ဆွေ တစ်ဦးလည်း ဖြစ်၊ ကိုယ်တိုင်လည်း တရုတ် နိုင်ငံမှာ မွေးဖွား ခဲ့သူ စာရေးဆရာ Diane Wei Liang က ဆိုပါတယ်။

တရုတ် အစိုးရ လက်ရှိ ဖိအား အပေး ခံရဆုံး ဖြစ်နေတာကတော့ မစ္စတာလျူရဲ့ ကျန်ရစ်သူ ဇနီး ကဗျာဆရာမ လျူရှားကို နေအိမ် အကျယ်ချုပ် ချထားတာကနေ ပြန်လွှတ်ရေး ဖြစ်ပါတယ်။

မစ္စတာလျူ ဆေးရုံပေါ်မှာ ကြာသပတေးနေ့တုန်းက သေဆုံး သွားခဲ့တဲ့နောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုဟာ အခုအချိန်မှာ မစ္စလျူ အပေါ် ကျရောက်လာပါတယ်။

စိတ်ကျဝေဒနာ ခံစား နေရတယ်လို့ နားလည်ရတဲ့ မစ္စလျူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် စိုးရိမ် ရတယ်လို့ ပြောနေကြပြီး၊ နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေ တိုးမြင့် ထွက်ပေါ် လာနေပါတယ်။

နေအိမ် အကျယ်ချုပ်ကျနေတယ်လို့ ဆိုပေမယ့် မစ္စစ်လျူဟာ ဘယ်နေရာမှာ အဲဒီလို နေအိမ် အကျယ်ချုပ်နဲ့ နေနေရသလဲ ဆိုတာ မသိရပါဘူး။

တကယ်လို့ မစ္စစ်လျူ အနေနဲ့ ပြည်ပကို ထွက်ခွာ ချင်တယ် ဆိုရင် တရုတ် အစိုးရက ခွင့်ပြု ပေးပါ ဆိုပြီး ဂျာမနီ၊ ယူကေ၊ ပြင်သစ်နဲ့ အမေရိကန် တို့လို အနောက်အုပ်စု နိုင်ငံတွေက တောင်းဆို နေသလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖိတ် ရာအာ့ဒ် အယ်လ် ဟူစိန်ကလည်း လျူရှား ရဲ့ သွားလာ လှုပ်ရှားမှုတွေကို မကန့်သတ်ဖို့ တောင်းဆို နေကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ တစ်ယောက် ဖြစ်တဲ့ ဂင်ရှောင် ကတော့ မစ္စစ်လျူနဲ့ ပတ်သက်တဲ့ တရုတ် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး လျူရှား အနေနဲ့ တရုတ် နိုင်ငံကနေ လွတ်လွတ်လပ်လပ် ပြည်ပကို သွားလို့ ရမလား ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုအချိန်မှာ ဘယ်လို ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ဆိုတာတွေ တင်ကြို ပြောနေလို့ မဖြစ်နိုင်ဘူးလို့ သတိပေးပါတယ်။

ဒါ့အပြင် တရုတ် နိုင်ငံသား တစ်ယောက်ရဲ့ ပြည်ဝင် ပြည်ထွက်ခွင့်တွေကို တရုတ် အစိုးရ အနေနဲ့ ဥပဒေနဲ့ အညီ အမြဲ ကိုင်တွယ် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဂင်ရှောင် က ဆိုထားပါတယ်။