တူရကီမှာ အာဏာသိမ်းဖို့ ကြိုးစားမှု တနှစ်ပြည့် ချီတက်ပွဲလုပ်

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က တူရကီမှာ ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကြောင့် လူ ၂၆၀ ထက် မနည်း သေဆုံးခဲ့ပြီး လူ ၂၀ဝ၀ကျော် ထိခိုက်ဒဏ်ရာရခဲ့

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု တနှစ်ပြည့်မြောက်တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက် ပွဲတွေကို မြို့တော် အန်ကာရာနဲ့ အစ္စတန်ဘူလ်မြို့တွေမှာ စတင်ပြုလုပ်ခဲ့ပြီး လူတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။

အစ္စတန်ဘူလ်မြို့ကို ရောက်ရှိနေတဲ့ မစ္စတာ အာဒိုဝန်ဟာ အာဏာသိမ်းဖို့ အကြံအစည်နဲ့ လုပ်ဆောင်မှုတွေ စတင်ခဲ့တဲ့ အချိန် တနှစ်တင်းတင်းပြည့်မယ့် ဒေသစံတော်ချိန် ည ၁၂ နာရီတိတိမှာ မြို့တော် အန်ကာရာက ပါလီမန်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

အခုလို မိန့်ခွန်းမပြောခင်မှာတော့ အာဏာသိမ်း ကြံစည်တဲ့ စစ်သားတွေကို လူထုက ရင်ဆိုင်ခဲ့တဲ့ နေရာဖြစ်ပြီး ဇူလိုင် ၁၅ အာဇာနည်များတံတားလို့ နာမည်ပြောင်းထားတဲ့ ဘော့စဖိုးရပ်စ် ရေလက်ကြားဖြတ် တံတားကိုလည်း မစ္စတာ အာဒိုဝန်က သွားရောက်မှာဖြစ်ပြီး အာဇာနည်များအတွက် အမှတ်တရ မှတ်တိုင် တခုကို ဖွင့်လှစ်ပေးဖို့ စီစဉ်ထားပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က တူရကီမှာ ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကြောင့် လူ ၂၆၀ ထက် မနည်း သေဆုံးခဲ့ပြီး လူ ၂၀ဝ၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အခုလို အာဏာသိမ်းမှုကို ပြန်လည် ဖြိုခွင်းနိုင်ခဲ့တဲ့ သမ္မတ အာဒိုဝန်ဟာ နောက်ပိုင်းမှာ လူပေါင်း ငါးသောင်းကို ဖမ်းဆီးမှု အပါအဝင် အစိုးရ အရာရှိ တသိန်းကျော်ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့တဲ့အတွက် အလွန်အကျွံ ကိုင်တွယ်မှုအဖြစ် ပြည်တွင်းရော ပြည်ပကပါ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခုလို ချီတက်ပွဲ မကျင်းပခင်မှာ ယူကေ သတင်းစာ ဂါးဒီးယန်းမှာ ဖော်ပြလိုက်တဲ့ တူရကီသမ္မတ အာဒိုဝန်ရဲ့ ဆောင်းပါးမှာတော့ အာဏာသိမ်းမှု ဖြစ်ခဲ့တုန်းက တူရကီနဲ့ မိတ်ဆက်နိုင်ငံတွေရဲ့ သစ္စာဖောက်မှုကို ငြင်းလို့ မရဘူးလို့ ရေးသားထားခဲ့ပါတယ်။

တူရကီရဲ့ မိတ်ဖက်ဆိုတဲ့ နိုင်ငံတွေဟာ အာဏာသိမ်းမှုရလဒ်ကို စောင့်ကြည့်နေခဲ့ပြီး တချို့နိုင်ငံတွေက နောက်ကွယ်က အာဏာသိမ်းမှုကို ချုပ်ကိုင်သူ အမေရိကန် အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖာသူလာ ဂူလန်ရဲ့ အပေါင်းအပါတွေကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့တယ်ဆိုပြီးတော့လည်း မစ္စတာ အာဒိုဝန်က ဒီဆောင်းပါးထဲမှာ စွပ်စွဲထားပြီး သူ့ရဲ့ကိုယ်တွယ်ပုံအပေါ် ဝေဖန်မှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။

ဒါပမယ့်လည်း မစ္စတာ အာဒိုဝန်ဟာ အခုလို အာဏာသိမ်းမှုမှာ ပါဝင်သူတွေကို နှိမ်နင်းတယ်လို့ အကြောင်းပြပြီး နိုင်ငံရေး အတိုက်အခံကို ဖိနှိပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြီး ပြီးခဲ့အပတ်မှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက တရားမျှတရေး အတွက် ခရီးရှည်ချီတက်ပွဲဆိုပြီး အစ္စတန်ဘူလ်အရောက် မိုင် ၂၈၀ ခရီး ချီတက်ပွဲကိုလည်း ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ