ဗင်နီဇွဲလားမှာ အတိုက်အခံတွေက အစိုးရအသိအမှတ်မပြုတဲ့ လူထုဆန္ဒခံယူပွဲလုပ်

  • 16 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ရှိ အတိုက်အခံတွေကြီးစိုးထားတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဘက်က ထောက်ခံစေချင်သလား ဆိုတဲ့ မေးခွန်းလည်းပါဝင်

ဗင်နီဇွဲလားအစိုးရက လွှတ်တော်အသစ် ဖွဲ့ခွင့် ရှိမရှိ ဆုံးဖြတ်ဖို့အတွက် အစိုးရက အသိအမှတ် မပြုထားတဲ့ လူထုဆန္ဒခံယူပွဲကို အတိုက်အခံတွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ပြီး နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒခံယူပွဲမှာ လွှတ်တော်အသစ်ဖွဲ့ရေး သဘောတူမတူ အပြင် လက်ရှိ အတိုက်အခံတွေကြီးစိုးထားတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဘက်က ကာကွယ်ပေးစေချင်သလား ဆိုတဲ့ မေးခွန်းအပြင်၊ ချက်ချင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပစေချင်သလား ဆိုတဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်။

အစိုးရဟာ အသစ်ဖွဲ့မယ့် လွှတ်တော်ကတဆင့် ဖွဲ့စည်းပုံ ဥပဒေ ပြောင်းလဲပြီး အာဏာရပါတီဖြစ်တဲ့ ဗင်နီဇွဲလား ဆိုရှယ်လစ် ညီညွတ်ရေးပါတီက ဆက်လက် လွှမ်းမိုးထားဖို့ ကြိုးစားနေတယ်ဆိုပြီး အတိုက်အခံတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး သမ္မတ နစ်ကိုလပ်စ် မဒူရိုက

'ဒီပွဲဟာ ကြိုတင် အတည်ပြုချက်တွေ ဘာမှ မလုပ်ပဲ အတိုက်အခံတွေ အချင်းချင်းပဲ ဆွေးနွေးပြီး လုပ်လိုက်တဲ့ပွဲပါ။

ဒီပွဲမှာ ရွေးကောက်ခြင်းဆိုင်ရာ စည်းကမ်းတွေလည်းမပါပဲ သူတို့မှာ လုပ်ပိုင်ခွင့် အာဏာရှိနေသလို လုပ်ကြတဲ့ ပွဲပဲ' လို့ ပြောဆိုထားပါတယ်။

ဒီဆန္ဒခံယူပွဲတွေမှာ ပြည်သူတွေ မဲပေးကြဖို့ အတိုက်အခံတွေက တိုက်တွန်းနေပြီး တဖက်မှာလည်း နိုင်ငံအနှံ့အပြားက လမ်းတွေကို ပိတ်ဆို့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ ဆော်သြခဲ့ပါတယ်။

လွှတ်တော်တရပ်ပဲ ထားတဲ့ စနစ်ရှိတဲ့ ဗင်နီဇွဲလားအမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်ရွေးမယ့် တရားဝင် ရွေးကောက်ပွဲတွေကို ဒီလကုန်မှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အကြပ်အတည်းတွေက လွတ်ဖို့အတွက် ကိုယ်စားပြုမယ့် ကဏ္ဍနယ်မြေတွေနဲ့ ကိုယ်စားလှယ် အရေအတွက် တိုးချဲ့ထားတဲ့ အစိုးရရဲ့ တရားဝင် ရွေးကောက်ပွဲမှာပဲ မဲပေးကြဖို့ မစ္စတာ မဒူရိုက ဆော်သြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကသာ နိုင်ငံတော် တည်ငြိမ်ရေးကို နှောက်ယှက်နေတဲ့ အတိုက်အခံတွေကို နှိမ်နင်းနိုင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင်တယ်လို့လည်း သူက ပြောဆိုထားခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲက ရွေးချယ်လိုက်မယ့် အမျိုးသားလွှတ်တော်သစ်ဟာ ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းကို ရေးဆွဲခွင့်ရှိပြီး အဆုံးအဖြတ်ကိုတော့ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့အတူ အစိုးရနဲ့ အတိုက်အခံအကြား ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလက စလို့ လူ တရာနီးပါး သေဆုံးခဲ့ရပါတယ်။

အခုလို သေဆုံးမှုတွေထဲမှာ လက်နက်တွေကိုပါသုံးပြီး အကြမ်းဖက် ဆန္ဒပြကြတဲ့ အတိုက်အခံတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေလည်း တဝက်နီးပါး ပါဝင်တဲ့အပြင် ပစ်သတ်ခံရတဲ့ ရဲအရာရှိ ငါးဦးလည်း ပါဝင်နေပြီး ဆန္ဒပြသူတွေကို ပစ်သတ်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ အစိုးရက အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်ပပို့ကုန်ဝင်ငွေ ၉၅ ရာခိုင်နှုန်းဟာ ရေနံရောင်းချမှုအပေါ် မှီခိုနေရတာ ဖြစ်တဲ့အတွက် ၂၀၁၄ နောက်ပိုင်း ရေနံဈေး ထိုးကျမှုကြောင့် ပြည်တွင်းမှာ လူမှုရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ စဖြစ်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ