မြင်းသားတွေ လိမ်ညာရောင်းလို့ လူ ၆ဝ ကျော် အဖမ်းခံရ

  • 16 ဇူလိုင် 2017
Image caption မြင်းသားတွေကို အမဲသား အဖြစ် ရောင်းချ

ဥရောပတိုက် တလွှား မြင်းသားတွေ ရောင်းချနေမှုထဲ ပါဝင် ပတ်သက် နေလို့ ဆိုပြီး လူပေါင်း အယောက် ၆ဝ ကျော် ဖမ်းဆီး ခံလိုက်ရပါတယ်။

လူတွေ စားသုံးဖို့ရာ မသင့်တော်တဲ့ အခြေအနေမှာ ရှိနေတာမျိုး ဒါမှမဟုတ် အမဲသား အဖြစ် လိမ်ညာ ရောင်းချတာမျိုး တွေ ကျူးလွန်တဲ့ အတွက် ဥရောပ ရဲတပ်ဖွဲ့ ယူရိုပိုလ်က ဖမ်းဆီး တာ ဖြစ်ပါတယ်။

အဲဒီ မြင်းသားဂိုဏ်းနောက်ကို နိုင်ငံပေါင်း ၈ နိုင်ငံမှာ ယူရိုပိုလ်က ၄ နှစ် အချိန်ယူ လိုက်လံ စုံစမ်း ခဲ့ပါတယ်။

အိုင်ယာလန် နိုင်ငံမှာ အမဲသား အဖြစ် ရောင်းချ နေတဲ့ အသားထုပ်တွေထဲ မြင်းသားတွေ ပါဝင် နေတာကို စမ်းသပ် တွေ့ရှိ လာခဲ့တဲ့နောက် ဒီလို ဂိုဏ်းမျိုး ရှိနေတဲ့ အကြောင်း အာဏာပိုင်တွေ စတင် သတိ ထားမိ လာခဲ့ကြတာ ဖြစ်ပါတယ်။

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာလည်း အသက်အရွယ် ကြီးလွန်းပြီး လူတွေ စားသုံးဖို့ မသင့်တော်တဲ့ မြင်းတွေကို သတ်ဖြတ်ပြီး ဘယ်လ်ဂျီယမ်ကို တင်ပို့ ရောင်းချ နေတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီ မြင်းသား ထုတ်လုပ် ရောင်းချတဲ့ ကွန်ရက် တစ်ခုလုံးကို ကိုင်တွယ် နေတယ်လို့ သံသယ ရှိရတဲ့ ဒတ်ချ် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖမ်းဆီး ထားသူတွေထဲ ပါဝင်ပါတယ်။