နိုင်ငံ ၁ဝဝ ကျော်မှာ ဗင်နီဇွဲလား နိုင်ငံသားတွေ လှုပ်ရှားလာ

  • 16 ဇူလိုင် 2017
Image caption လူထုဆန္ဒ ခံယူပွဲ ပုံစံမျိုး လုပ်ဖို့ အတိုက်အခံတွေ ဆော်ဩခဲ့

ဗင်နီဇွဲလား အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်သစ် ဖွဲ့စည်းနိုင်ဖို့ အစိုးရရဲ့ အစီအစဉ် အပေါ် ကမ္ဘာ တလွှား နိုင်ငံ အသီးသီးမှာ ရောက် နေကြတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေက သဘောထား ဆန္ဒတွေ ပေးခဲ့ကြပါတယ်။

အခုလို ဗင်နီဇွဲလား အစိုးရက ကျင်းပတာ မဟုတ်တဲ့ လူထုဆန္ဒ ခံယူပွဲ ပုံစံမျိုးကို ဗင်နီဇွဲလား အတိုက်အခံတွေရဲ့ ကမကထလုပ် ဆော်ဩမှုနဲ့ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ပြုလုပ် ခဲ့တာပါ။

ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်မှာတော့ ယာယီမဲရုံ တစ်ရုံ အနီး မော်တော်ဆိုင်ကယ်တွေ စီးနင်းလာတဲ့ သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးခဲ့ရပြီး၊ တခြားသူ ၃ ယောက်လည်း ဒဏ်ရာ ရသွားပါတယ်။

လွှတ်တော်သစ် ဖွဲ့စည်းဖို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ကြိုးပမ်းလာတာဟာ ဒီမိုကရေစီကို သေးသိမ်အောင် ပြုမူတာပဲ ဆိုပြီး အတိုက်အခံတွေက ပြစ်တင် ဝေဖန် နေပါတယ်။

သမ္မတ မာဒူရိုကတော့ အခုလို တရားမဝင် ဆန္ဒ ခံယူပွဲ ပြုလုပ်တာဟာ အဓိပ္ပာယ်ကင်းမဲ့တယ်လို့ ဆိုပါတယ်။