ရုရှားနဲ့ကန် ဆက်ဆံရေးကောင်းအောင် နောက်ဆုံးတချီ ကြိုးစား

  • 17 ဇူလိုင် 2017
Image caption ပြန်သိမ်းထားတဲ့ မေရီလန်းက သံရုံးဝင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ အမေရိကန်နဲ့ရုရှား အဆင့်မြင့်အရာရှိတွေ တွေ့ဆုံ စကားပြော ခဲ့ကြပါတယ်။

သမ္မတ အိုဘားမား လက်ထက် ပိတ်ပစ်ခဲ့တဲ့ ရုရှား သံရုံးဝင်း နှစ်ခုကို ရုရှား အစိုးရက ပြန်ပေးဖို့ တောင်းဆိုထားမှု အပေါ် အဓိကထား ဆွေးနွေး ခဲ့ကြတာပါ။

အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ မပြုလုပ်ပေမယ့် စောင့်နေကြတဲ့ သတင်းထောက် တွေက သဘောတူမှု တစုံတရာ ရခဲ့သလား ဆိုပြီး မေးမြန်းတဲ့ အခါမှာတော့ ရုရှား အရာရှိ တစ်ယောက်က ရလုရခင် အခြေအနေပဲ ဆိုပြီး အော်ဟစ် ဖြေဆို သွားပါတယ်။

ရုရှားနဲ့ အပြန်အလှန် ဆက်ဆံရေး တိုးတက်အောင် လုပ်မယ် ဆိုတဲ့ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ် ကတိစကားနဲ့ အညီ ဖြစ်လာစေဖို့ နောက်ဆုံးအကြိမ် ကြိုးစားကြတဲ့ လုပ်ရပ် အဖြစ် အဲဒီ ဆွေးနွေးပွဲကို အကဲခတ်တွေက ရှုမြင် နေကြပါတယ်။

သမ္မတ အိုဘားမား လက်ထက် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်မှာ ရှိတဲ့ ရုရှား သံရုံးဝင်း နှစ်ခုကို ပိတ်ပစ်ခဲ့ပြီး၊ ရုရှား သံဝန်ထမ်း ၃၅ ယောက်ကိုလည်း တိုင်းပြည်ကနေ ထွက်သွားစေ ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကတော့ ရုရှားဘက်က လက်တုန့်ပြန်မှာ မဟုတ်ဘူး ဆိုပြီး ပြောဆိုခဲ့ပေမယ့် အခု ရက်ပိုင်းတွေ အတွင်းမှာပဲ အပိတ် ခံထားရတဲ့ ဝင်းနှစ်ခုကို ပြန်မပေးရင် အမေရိကန် အပေါ် တန်ပြန် အရေးယူမှုတွေ ပြုလုပ်မယ် ဆိုပြီး ရုရှားက ပြောလာ ခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ တုန်းက ထရမ့်ရဲ့ အောင်နိုင်ရေး အဖွဲ့နဲ့ ရုရှား အစိုးရအကြား ဆက်သွယ်မှု ရှိသလား ဆိုတာ စုံစမ်း ခံနေရတဲ့ သမ္မတ ထရမ့် အဖို့ရာ ရုရှားဘက်က သံရုံးဝင်းတွေ ပြန်ပေးဖို့ တောင်းဆိုလာမှုကို အခုအချိန်မှာ လက်ခံလိုက်မယ် ဆိုရင် လက်ညှိုးထိုး ဝေဖန်မှုတွေ မြင့်တက်လာနိုင်တဲ့ အကြပ်အတည်းမျိုး တွေ့ကြုံ နေရပါတယ်။

တကယ်လို့ လက်မခံ ပြန်ရင်လည်း ရုရှားဘက်က အရေးယူမှုတွေ တုန့်ပြန် လုပ်လာပြီဆိုရင် မော်စကို အစိုးရနဲ့ကြား ဆက်ဆံရေး ကောင်းမွန်အောင် လုပ်မယ် ဆိုတဲ့ ထရမ့်ရဲ့ မဲဆွယ် ကတိစကားကို တကယ်တမ်း အကောင်အထည် ဖော်နိုင်မယ့် လက်ကျန် အခွင့်အရေးတွေ အားလုံး ဆုံးရှုံး သွားနိုင်တယ် ဆိုပြီး မော်စကိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ယ်။