အထွေထွေ သပိတ်ဆင်နွှဲဖို့ ဗင်နီဇွဲလား အတိုက်အခံတွေ ဆော်ဩ

  • 17 ဇူလိုင် 2017
Image caption သမ္မတမာဒူရိုကို ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုတွေ ထပ်အရှိန်မြှင့်

ဗင်နီဇွဲလား နိုင်ငံမှာ အထွေထွေ သပိတ် တိုက်ပွဲ တစ်ရပ် လာမယ့် ကြာသပတေးနေ့မှာ ၂၄ နာရီကြာ ဆင်နွှဲဖို့ အတိုက်အခံတွေက ဆော်ဩ နေပါတယ်။

ဒါဟာ သမ္မတ နီကိုးလပ်စ် မာဒူရို အပေါ် ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုတွေကို ထပ်ပြီး အရှိန်မြှင့် နိုင်ဖို့ အတိုက်အခံတွေ ဘက်က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ ကြိုးစား နေတဲ့ သမ္မတ မာဒူရိုရဲ့ အစီအစဉ်ကို ကန့်ကွက်ကြောင်း ပြသတဲ့ အနေနဲ့ အခု ရက်ပိုင်းကပဲ သန်းနဲ့ချီတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေဟာ လူထု ဆန္ဒခံယူပွဲ သဖွယ် ပြုလုပ် ခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒခံယူပွဲတွေကို ကမ္ဘာတလွှားက နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ပြုလုပ် ခဲ့ကြတာ ဖြစ်ပြီး လာရောက် မဲပေး ခဲ့တဲ့ ပြည်သူအများစုရဲ့ သဘောထား ဆန္ဒအရ ဗင်နီဇွဲလား ဒီမိုကရေစီကို ကာကွယ်ဖို့ရာ အတိုက်အခံတွေမှာ တာဝန် အပြည့်အဝ ရှိတယ် ဆိုပြီး အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုရဲ့ အကြီးအကဲ ဖရက်ဒီ ဂွေဗားရားက ဆိုပါတယ်။

အခြေခံ ဥပဒေသစ် ရေးဆွဲရေး လွှတ်တော်သစ် ဖွဲ့စည်းနိုင်ဖို့ ဆိုပြီး အစိုးရက အခုလကုန်မှာ ကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်း ပေးပါလို့လည်း အတိုက်အခံတွေက သမ္မတ မာဒူရိုကို တောင်းဆို နေပါတယ်။