ရာစုနှစ်ထက်ဝက် အယောက် ၅ဝဝ ကျော် ကျူးလွန် စော်ကား ခံခဲ့ရ

  • 18 ဇူလိုင် 2017
Image caption ကက်သီဒရယ် စပါးရိုးစ် ကွိုင်ရာကျောင်း

ချာ့ချ် ဘုရားကျောင်းတွေမှာ ဘုရားသီချင်းတွေ ကွိုင်ရာ သံပြိုင်ဆိုတာကို သင်ပေးတဲ့ ဂျာမနီက ကမ္ဘာကျော် ကျောင်းတစ်ကျောင်းမှာ တက်ရောက် ခဲ့သူတွေထဲ အနှစ် ၅ဝ အတွင်း လိင်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ကိုယ်ထိ လက်ရောက် ဖြစ်စေ အနိုင်ကျင့် စော်ကား ခံခဲ့ရသူပေါင်း ၅ဝဝ ကျော် ရှိတယ်ဆိုတဲ့ တွေ့ရှိချက် ထွက်ပေါ် လာပါတယ်။

ရေဂင်စ်ဘာ့ဂ်မြို့ ကက်သီဒရယ် စပါးရိုးစ် ကွိုင်ရာကျောင်းမှာ အဲဒီလို ဖြစ်ပျက်ခဲ့တယ် လို့ ဆိုပါတယ်။

ကျူးလွန် စော်ကားမှုတွေဟာ ၁၉၄၅ကစလို့ ၁၉၉ဝ ပြည့်ကျော် အစောပိုင်း နှစ်တွေအထိ ရှိခဲ့တယ်လို့ ဒီအကြောင်း ထုတ်ဖော် ရေးသားထားတဲ့ အစီရင်ခံစာထဲ ဖော်ပြ ထားပါတယ်။

အဲဒီ အနှစ် ၅ဝ နီးပါး အတွင်း ကာလ အများစုမှာ တာဝန်ယူ ကိုင်တွယ်ခဲ့သူဟာ အရင် ပုပ်ရဟန်း မင်းကြီး Benedict ရဲ့ အစ်ကို ဖြစ်သူ ဂေရော့ဂ် ရတ်ဆင်ဂါ ဖြစ်ပါတယ်။

အခု ထွက်ပေါ် လာတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘာမှ မသိဘူးလို့ ဂျာမန် ကက်သလစ် ဘုန်းတော်ကြီး ရတ်ဆင်ဂါက ငြင်းဆို ထားပါတယ်။

အဲဒီကျောင်းကို တက်ခဲ့ဖူးသူ တချို့ရဲ့ ထွက်ဆိုမှုတွေ အရ အဲဒီမှာ နေရတဲ့ အချိန်ဟာ ငရဲ ကျနေသလို ဖြစ်ပြီး နာဇီခေတ် ဂျူး အကျဉ်းစခန်းတွေမှာ နေရသလိုပဲလို့ ဆိုပါတယ်။