လွှတ်တော်တွင်း အိုဘားမားကဲ ဖျက်ရေး ရှုံးပြန်ဦးမယ်

  • 18 ဇူလိုင် 2017
Image caption ပါတီတွင်း ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မစ်ချ် မက္ကကောနဲလ်

အိုဘားမားကဲ ဆိုပြီး အမေရိကန်မှာ ခေါ်တွင်တဲ့ သမ္မတ အိုဘားမား ပြဋ္ဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖျက်သိမ်းဖို့ အာဏာရ ရီပတ်ဘလစ်န် တွေရဲ့ ကွန်ဂရက် လွှတ်တော်အတွင်း နောက်တချီ ကြိုးစား လာမှုကလည်း ရှုံးနိမ့်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။

ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော် အမတ်တွေရဲ့ ခေါင်းဆောင် မစ်ချ် မက္ကကောနဲလ် တင်သွင်းတဲ့ အိုဘားမားကဲ ဖျက်သိမ်းရေး အစီအစဉ်ကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တချို့ ကိုယ်တိုင် ကန့်ကွက် နေကြပါတယ်။

အိုဘားမားကဲကို ဖျက်မယ်ဆိုရင် အစားထိုးမယ့် အားလုံး သဘောတူ လက်ခံထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ရပ်လည်း ရီပတ်ဘလစ်ကင်တွေ ထံမှာ မရှိ ဖြစ်နေပါတယ်။

အခုလို လွှတ်တော်တွင်း မအောင်မမြင် ဖြစ်နေတဲ့ အပေါ် အင်မတန် စိတ်ပျက်မိတယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။

အခုလို မအောင်မြင်မှုဟာ သမ္မတ ထရမ့် အတွက် နိုင်ငံရေး ရှုံးနိမ့်မှု တစ်ရပ် ဖြစ်ပြီး၊ သူဦးဆောင်တဲ့ အစိုးရမှာ အားနည်း ချို့ယွင်းချက်တွေ ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာလည်း ဖြစ်တယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။