ပလပ်စတစ် ကမ္ဘာကြီး ဖြစ်လာပြီဆို

  • 19 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ခေါင်းခဲစရာ ပလပ်စတစ် ပြဿနာ

ကမ္ဘာပေါ်မှာ အနှစ် ၆ဝ ကျော်အတွင်း လူတွေ ထုတ်လုပ်သုံးစွဲလာတဲ့ ပလပ်စတစ် အလေးချိန်ဟာ ဆင် အကောင် သန်းတထောင်လောက် အလေးချိန်နဲ့ တူနေပြီလို့ အမေရိကန် သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က စက်မှု ဂေဟ ဗေဒ ပညာရှင်တွေ ရေးသားတဲ့ ဒီအစီရင်ခံစာက ထုပ်ပိုးရေးလို ခဏပန်း သုံးစရာ ကိစ္စတွေမှာ သုံးတဲ့ ဓာတု ပစ္စည်းကိစ္စကို လူတွေ အာရုံစိုက်လာစေပါတယ်။

ထုတ်လိုက်သမျှ ပလပ်စတစ် ပစ္စည်း ၇ဝ ရာခိုင်နှုန်း ကျော်ဟာ အလေအလွင့် ဖြစ်သွားပြီး မြစ်ချောင်း အင်းအိုင်တွေနဲ့ ပင်လယ် သမုဒ္ဒရာတွေထဲ ရောက်ကုန်ပါတယ်။

ဒီအစီရင်ခံစာ ခေါင်းဆောင်ပြုစုတဲ့ ပါမောက္ခ ရိုလန် ဂိုင်ယာက ပလပ်စတစ် သုံးတာ စွဲတာတွေ ပြန်စဉ်းစားဖို့ တကယ်လိုနေပါပြီ။ ပလပ်စတစ် အဟောင်းတွေ ပြန်သန့်စင် သုံးတာကလည်း ဒီအမှိုက်ကိစ္စကို မရှင်းနိုင်ပါဘူး။ ဒါကို တကယ် သေချာ ရှင်းမှ ဖြစ်တော့မှာပါလို့ ဆိုပါတယ်။

ထုတ်လုပ်သမျှ ပလပ်စတစ် ပစ္စည်း ၁၂ ရာခိုင်နှုန်းကို မီးရှို့ ဖျက်ဆီး ပစ်ပေမယ့် ၈ဝ ရာခိုင်နှုန်း လောက်က ကမ္ဘာအနှံ့ ပြန့်ကုန်တာပါ။ ဒီနှုန်းနဲ့ ဆက်သွားမယ် ဆိုရင် နောက် အနှစ် ၃ဝ လောက်မှာ ပလပ်စတစ် စွန့်ပစ် ပစ္စည်းက ၁၂ ဘီလျံတန်လောက် ရှိလာတော့မှာပါ။

ပလပ်စတစ် ပြန်လည်သန့်စင် သုံးရာမှာလည်း ဥရောပနဲ့ တရုတ်က အမေရိကန် ရှေ့က ရောက်နေပါတယ်။

ပလပ်စတစ်အိတ်ကနေ လေယာဉ်ကိုယ်ထည်ထိ ထုတ်ခဲ့သမျှ ပလပ်စတစ် ပစ္စည်း အကုန်လုံးက သဘာဝနည်းနဲ့ ပြန်ပြီး အသွင်ပြောင်းလို့ မရပါဘူး။ မီးရှို့ပစ်မှသာ ကိစ္စအေးမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျန်းမာရေးနဲ့ လေထု ညစ်ညမ်းမှု အန္တရာယ် ရှိနေပါတယ်။

ဒီပလပ်စတစ် အစတွေက အာဂျင်တီးနား နိုင်ငံအကျယ်လောက်ကို ဖုံးလို့ ရနေပြီလို့လည်း ဆိုပါတယ်။

ပလပ်စတစ် အသစ် ထုတ်သုံးတဲ့ စရိတ်က ချိုတော့ လူတွေက ပြန်သန့်စင် သုံးဖို့ သိပ်မစဉ်းစားကြတာ ဖြစ်ပါတယ်။

ဒီပစ္စည်း အစအနတွေက ငါးနဲ့ တခြား ရေသတ္တဝါတွေ ကိုယ်ထဲ ရောက်ပြီး လူတွေဗိုက်ထဲ ရောက်ကုန်တာက စိုးရိမ်စရာ ဖြစ်လာပါတယ်။

ပလပ်စတစ် ပစ္စည်းတွေကို ပြန်သုံးနိုင်အောင် တီထွင် ထုတ်လုပ်မယ် ဆိုရင် အကြိမ်များစွာ ပြန်သုံးနိုင်မှာလို့လည်း ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ခုထိတော့ ၉ဝ ရာခိုင်နှုန်းလောက်ကို တခါပဲ ပြန်သုံးတာ တွေ့ရတယ်လို့ ဆိုပါတယ်။