ထိုင်းဗိုလ်ချုပ်ဟောင်း ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ၂၇ နှစ် ထောင်ကျ

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းအစိုးရဟာ သူ့ နိုင်ငံကို ဖြတ်တဲ့ လူကုန်ကူးမှု လမ်းကြောင်းကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေပါတယ်။

ထိုင်း စစ်တပ် ဗိုလ်ချုပ်ဟောင်း တဦးကို လူမှောင်ခိုကူးမှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ဟောင်း မာနတ်ခွန်ပန် အပါအဝင် လူ အယောက် ၆၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူကုန်ကူးခဲ့မှုနဲ့ အခုလို အပြစ်ပေးခံခဲ့ရတာပါ။

မာနတ်ခွန်ပန်ဟာ ရွှေ့ပြောင်းသူတွေကို မှောင်ခိုလုပ်တဲ့ လုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ အတွက် အပြစ်ပေးခံရတဲ့ ပထမဆုံး စစ်တပ် အရာရှိတယောက် ဖြစ်ပါတယ်။

အခုလို စစ်တပ် ထိပ်တန်း အရာရှိကြီး တယောက်ကို ထောင်ဒဏ် နှစ်ရှည် ပေးခဲ့တာဟာ စစ်အစိုးရ အုပ်ချုပ်နေတဲ့ ထိုင်းနိုင်ငံမှာ သမိုင်းတွင်မယ့် တရားရုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မာနတ်ခွန်ပန်ကို ၂၀၁၅ ခုနှစ်မှာ လူမှောင်ခိုအမှုနဲ့ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

ထိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ဒီအမှုကို ကြည့်ပြီး လူကုန်ကူးမှုတွေမှာ ထိုင်းစစ်တပ် တခုလုံး ပါဝင် ပတ်သက်နေသလို အပြစ်ပုံ မချဖို့ တောင်းဆိုထားပါတယ်။

ထိုင်း တောင်ပိုင်း ဆထွန်၊ ခိုတောင် ခရိုင် အုန်ချုပ်ရေးမှူး တယောက်ဟာလည်း လူကုန်ကူးမှုနဲ့ ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒီ အမှု ဆက်စပ် လူ အယောက် ၁၀ဝ ကျော်ကို တရားရုံးတင် စစ်ဆေးခဲ့တာပါ။

ပြစ်ဒဏ်ပေးခံရသူတွေ အတော်များများဟာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၄ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၉၄ နှစ် အထိ ပါဝင်ပါတယ်။

မြန်မာပြည်ကနေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေဆီ သွားဖို့ ကြိုးစားကြတဲ့ နိင်ငံမဲ့ ရိုဟင်ဂျာတွေဟာ လူမှောင်ခိုတွေကို ငွေကြေး ပေးလေ့ရှိပါတယ်။

မြန်မာနိုင်ငံအစိုးရကတော့ ရိုဟင်ဂျာတွေကို မြန်မာပြည်က မျိုးနွယ်စု အဖြစ် တရားဝင် အသိအမှတ်မပြုဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကူးလာတဲ့ ရွှေ့ပြောင်းသူတွေ အဖြစ် သတ်မှတ်ပါတယ်။ ရိုဟင်ဂျာတွေကတော့ သူတို့ဟာ ရှေး အာရပ် ကုန်သည်တွေရဲ့ မျိုးဆက်ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နေထိုင်နေတာ နှစ်ပေါင်းများစွာ ရှိပြီလို့ ဆိုပါတယ်။

လူမှောင်ခို ကူးခံရတဲ့ သူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိ်ုင်ငံကနေ စီးပွားရေး ကျပ်တည်းလို့ အခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းဖို့ ကြိုးစားကြသူတွေလည်း ပါပါတယ်။