ပန်းချီဆရာ ဒါလီ့အလောင်း ပြန်ဖော်စစ်

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Juan Carlos Hidalgo
Image caption ဒါလီ့သမီး ဆိုလာသူ

နာမည်ကျော် စပိန် ပန်းချီဆရာကြီး ဆယ်လ်ဗာဒို ဒါလီရဲ့ ရုပ်အလောင်းကို ပြန်ဖော်ပြီး စစ်ခဲ့ပါတယ်။ ခု အလောင်းကို ပြန်ဖော်တာက အမျိုးသမီး တယောက်က ဒါလီဟာ သူ့အဖေ ဖြစ်တယ်လို့ ပြောဆိုလာတဲ့ အတွက် ဖြစ်ပါတယ်။

ဒါလီဟာ ၁၉၈၉ က အသက် ၈၅ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ဒါလီကို မြှုပ်ထားတဲ့ ပြတိုက်က တတန်ခွဲလောက် လေးတဲ့ ကျောက်ပြားကြီးကို ဖယ်ပြီး အလောင်းဖော်ကာ မျိုးဗီဇကို စစ်ဆေးရမှာပါ။

ဒါလီဟာ လက်ထပ်ခဲ့ဖူးပေမယ် ကလေး မရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့သမီးလို့ ပြောလာတဲ့ အမျိုးသမီးက အသက် ၆ဝ ရှိပါပြီ။ သူ့အမေနဲ့ ဒါလီတို့ ငြိစွန်းခဲ့ဖူးပြီး အဲဒီအချိန်က သူ့အမေက ပန်းချီဆရာကြီးအိမ်မှာ အလုပ်လုပ်ခဲ့တာပါ။

တားရော့ကတ်နဲ့ အကြားအမြင် ဟောတဲ့ Martínez က သူ့အမေနဲ့ အဖွားပြောပြချက်အရ ဆရာကြီးက သူ့အဖေအစစ်လို့ ဆိုပါတယ်။

သူ့အဖေ စစ်ရိုးမှန်ရင်တော့ မျိုးရိုး နာမည် ဆက်ခံခွင့် နဲ့ ဒါလီပိုင်တဲ့မြေတချို့ သူ့လက်ထဲ ရောက်လာမှာပါ။ လောလောဆယ် စပိန်အစိုးရက ဒါလီ့မြေတွေ ဆက်ခံထားပါတယ်။

ဓာတ်ပုံ မူပိုင် LLUIS GENE
Image caption ဒါလီကို ပြတိုက်မှာ မြှုပ်နှံ

ဒါပေမဲ့ ဒါလီရဲ့ ထွေပြားတဲ့ လိင်စိတ်ကို သိထားသူတွေက ဒီလို ဒါလီ မိန်းမတယောက်နဲ့ ကလေးရအောင် စွမ်းဆောင်နိုင်တယ် ဆိုတာ မယုံကြပါဘူး။

ဒါလီ ကိုယ်တိုင် သူ့ကိုယ်သူ ပန်းသေနေသူ လို့ ကြွေးကြော်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါလီနဲ့ သူ့ဇနီးဟာ အိမ်မှာ လိင်ဖျော်ဖြေတဲ့ ပွဲတွေ လုပ်လေ့ရှိပြီး ဒါလီက ကိုယ်တိုင်မပါဘဲ ရပ်ကြည့်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒါလီက သူ့ကို လူတွေ လာထိတာ မကြိုက်လို့ ဒီလို မိန်းမတယောက်နဲ့ ကလေးရတာ ဟုတ်ပါ့မလား ပြောနေကြပါတယ်။

သူကလေးဘဝက သူ့အဖေက ဒါလီကို ကာလသားရောဂါ ဝေဒနာသည်တွေ ပုံတွေပြလို့ လိင်စိတ်ကုန်နေတာလို့လည်း သူ့ အတ္ထုပ္ပတ္တိ ဆရာတွေက ဆိုကြပါတယ်။

ဒါပေမဲ့ ဒါလီက သူ့အလောင်းကို ပြန်ဖော်စစ်တာကို သဘောကျနေမှာပါ။ ဒါဟာ တကယ့်ကို သရုပ်လွန်တဲ့ ကိစ္စပဲလို့ ဆိုနေကြပြီး ဒါလီဟာ သရုပ်လွန် ပန်းချီဆရာ အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။