ဘာသာရေး အထွဋ်အမြတ် နေရာ တင်းမာမှုအရေး ကုလ သတိပေး

  • 24 ဇူလိုင် 2017
Image caption ရှာဖွေရေး ကိရိယာတွေ တပ်ဆင်

မွတ်ဆလင်နဲ့ ဂျူးတို့ အသိုင်းအဝိုင်း နှစ်ခုစလုံး အထွဋ်မြတ်ထားရာ ဂျေရူဆလမ်မြို့က ဘာသာရေး နယ်မြေမှာ အငြင်းပွားမှုတွေ တိုးတက် ဖြစ်ပေါ်လာတဲ့ အပေါ် သတိကြီးကြီး ထားပြီး ကိုင်တွယ်ဖို့ အရှေ့ အလယ်ပိုင်းဒေသ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် နီကိုလိုင် မလာဒဲန်းနော့ဗ်က သတိပေး လိုက်ပါတယ်။

မွတ်ဆလင်တို့က ဟရမ် အယ်လ်-ရှရစ်ဖ်လို့ ခေါ်ပြီး၊ ဂျူးတို့က Temple Mount လို့ ခေါ်တဲ့ ဘာသာရေး အထွဋ်အမြတ် နယ်မြေမှာ ဖြစ်နေတဲ့ တင်းမာမှုတွေကို မွတ်ဆလင်တို့ စုပေါင်း ဝတ်ပြုပွဲ ရှိတဲ့ လာမယ့် သောကြာနေ့ မတိုင်မီ ဖြေလျှော့ နိုင်မှ ဖြစ်မယ်လို့ မစ္စတာ မလာဒဲန်းနော့ဗ်က ပြောနေပါတယ်။

တင်းမာမှုတွေ ပြေလျော့ မသွားဘူး ဆိုရင် အစ္စလာမ်မစ် ကမ္ဘာတလွှားမှာပါ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်ပေါ် လာလိမ့်မယ်လို့လည်း မစ္စတာ မလာဒဲန်းနော့ဗ်က ဆိုပါတယ်။

ဟရမ် အယ်လ်-ရှရစ်ဖ် ဝတ်ကျောင်းတော် ရှိရာမှာ ဝင်ပေါက်မှာ အစ္စရေး အာဏာပိုင်တွေက လက်နက် ရှာဖွေရေး ကိရိယာတွေ တပ်ဆင် လာတဲ့အပေါ် ပါလက်စတိုင်းတွေ အတော်လေး မကျေမနပ် ဖြစ်နေကြပါတယ်။

အဲဒီ ဝန်းကျင်မှာ အစ္စရေး ရဲနှစ်ယောက် အသတ် ခံခဲ့ရတဲ့ နောက်ပိုင်း အစ္စရေး အာဏာပိုင်တွေ ဘက်က အခုလို ရှာဖွေရေး ကိရိယာတွေ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ကိစ္စတွေရဲ့ နောက်ဆက်တွဲ အဖြစ် သွေးထွက်သံယို ဖြစ်ကြတဲ့ အထိ အုံကြွမှုတွေ ဖြစ်ပေါ် ခဲ့ပြီး ပါလက်စတိုင်းဘက်ကရော အစ္စရေး ဘက်ကပါ အသေအပျောက်တွေ ရှိထားကြပါတယ်။