အပစ်ရပ်ရေးကို လစ်ဗျား ခေါင်းဆောင်နှစ်ယောက် အကန့်အသတ်နဲ့ သဘောတူ

  • 25 ဇူလိုင် 2017
Image caption မက်ခရွန် ကြားဝင် ညှိနှိုင်းပေး

လစ်ဗျား နိုင်ငံ တည်ငြိမ်အောင် ဆောင်ကြဉ်း ပေးနိုင်ရေး အတွက် အဓိက ပြိုင်ဘက် ခေါင်းဆောင် နှစ်ဦးအကြား ပူးတွဲ သဘောတူမှု ရရှိ လာပါတယ်။

ကုလသမဂ္ဂ အသိအမှတ်အပြု လစ်ဗျား အစိုးရ အဖွဲ့ ခေါင်းဆောင် ဖာရက်ဇ် အယ်လ်-ဆာရာ့ဂျ် နဲ့ နိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ လစ်ဗျား အမျိုးသား တပ်မတော် အဖွဲ့ ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာတို့ကြား အပစ်အခတ် ရပ်ရေး သဘောတူမှု ရလာတာ ဖြစ်ပါတယ်။

အဲဒီလို ခေါင်းဆောင် နှစ်ယောက် ဆွေးနွေးလာအောင် ပြင်သစ် သမ္မတ အမ်မန်နွဲ မက်ခရွန်က ကြားဝင် ညှိနှိုင်း ပေးခဲ့တာပါ။

ဥရောပတိုက်ထဲ ဝင်ရောက်ဖို့ ကြိုးစား ကြသူတွေဟာ လစ်ဗျား ကမ်းလွန်ပြင်က တဆင့် မြေထဲ ပင်လယ်ကို ကျော်ဖြတ် နေကြတာ ဖြစ်တဲ့ အတွက် လစ်ဗျား ပြည်တွင်း နိုင်ငံရေး တည်ငြိမ်ဖို့ ဥရောပ အနေနဲ့ အထူး လိုအပ် နေပါတယ်။

ဒီအချိန်မှာပဲ၊ လစ်ဗျား ကမ်းလွန်ပြင်မှာ မျောနေတဲ့ လှေပေါ်ကနေ လူ အယောက် ၁၆ဝ ကျော် ကို ကယ်ဆယ် ခဲ့ရပြီး၊ လှေပေါ်မှာ လူသေလောင်း ၁၁ လောင်းကို တွေ့ခဲ့ရတယ်လို့ စပိန် ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေထဲ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

အခုနှစ် အတွင်းမှာကို မြေထဲပင်လယ်ကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း လူ နှစ်ထောင်ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။