ယီမင်နိုင်ငံမှာ အငတ်ဘေး ကျရောက်နိုင်

  • 27 ဇူလိုင် 2017
Image caption အပျက်အစီးကြားက ယီမင်နိုင်ငံသားများ

ယီမင်နိုင်ငံမှာ ကုလသမဂ္ဂက လူမှုဒုက္ခ အကြီးအကျယ် ရောက်နေတယ်လို့ သတိပေးနေချိန်မှာပဲ ဘီဘီစီသတင်းထောက် အော်လာ ဂူရင်က တိုင်းပြည်ထဲကို ဝင်ရောက်ပြီးလူတွေရဲ့ ဒုက္ခ ဘယ်လောက် ဆိုးတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပြောပြထားပါတယ်။

အခုအခါ ဆော်ဒီနိုင်ငံကထောက်ခံထားတဲ့ ညွန့်ပေါင်းအဖွဲ့က ဟူတီသူပုန်တွေကို လေကြောင်းက စစ်ဆင်နေပါတယ်။ ဒီလို၂နှစ်ကြာ စစ်ပွဲကြောင့်ယီမင်မှာ ကျန်းမာရေး အခြေအနေ အပါဝင် ရေနဲ့သန့်ရှင်းရေး စနစ်တို့ ပျက်စီးကုန်ပါတယ်။ ဒီစစ်ပွဲနဲ့ ညွန့်ပေါင်းအစိုးရရဲ့ ပိတ်ဆို့ထားမှုကြောင့် အခုအခါ ပြည်သူလူထုရဲ့ ၇၀ရာနှုန်း လူမှုဒုက္ခ ဘေးဆိုးကြီးနဲ့ ရင်ဆိုင်နေရပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေပါတယ်။။ အေဒင်မြို့ရှိဆေးရုံမှာ ဝမ်းရောဂါဖြစ်သူ အများစုက ရောဂါပြင်းထန်ပြီး မကုသရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တာ တွေ့ရပါတယ်။ ယီမင်နိုင်ငံသား သိန်းနဲ့ချီ ဝမ်းရောဂါ ကူးစက်ပျံ့ပွားနေပြီး သမိုင်းမှာ အဆိုးဆုံး ကာလ ဝမ်းရောဂါ အခြေအမျိုး ဆိုက်ရောက်နေပါတယ်။

ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေပြီးအစားအစာ အကြီးအကျယ် ပြတ်လပ်နေတဲ့အတွက် အဟာရ ချို့ယွင်းမှု တွေဖြစ်နေပါတယ်။ အထူးသဖြင့် ကလေး သူငယ်တွေဟာ အစာအဟာရ မရှိလို့ကူးစက် ရောဂါတွေကိုအလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ ယီမင်နိုင်ငံသား ၆၀ရာနှုန်း လောက်ဟာ သူတို့ရဲ့ ထမင်းနောက်တနပ် ဘယ်ကရမယ်မှန်း မသိဖြစ်နေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကတော့ အစာငတ်ပြတ်တဲ့ ကပ်ဘေး ကျရောက်နိုင်တယ်လို့ သတိပေး ထားပါတယ်။ နောက်တခါ ကလေးသူငယ် ၅သိန်းတို့ဟာ အကြီးအကျယ် အဟာရ ချို့ယွင်းနေလို့ ယီမင်ရဲ့ အနာဂတ်ဟာ ဘေးတွေ့နေပြီလို့ ဆရာဝန်တွေက ဘီဘီစီကိုပြောပါတယ်။

အခုပြည်တွင်းစစ်၂နှစ် အတွင်းဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေ ဆေးရုံတွေကျောင်းတွေ ပျက်စီးကုန်ပြီး အရပ်သား၃၀၀၀ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ဖြစ်နေတဲ့ဘက်၂ခုလုံးက လူလို လူမှုဒုက္ခတွေကို သိပေမယ့် ပြဿနာကိုအဖြေရှာဖို့ မကြိုးစားကြဖူးလို့ ယီမင်နိုင်ငံ ဆိုင်ရာအမေရိကန် သံအမတ်ဟောင်း စတီဗင်စက်ချီကပြောပါတယ်။

အခုအခါ လူတွေဟာ တချိန်ကသူတို့ အိမ်တွေဖြစ်ကြတဲ့ အပျက်အစီးတွေ ကြားမှာနေကြရပါတယ်။ ဒီလိုအပျက်အစီးတွေ ရင်ဆိုင်နေရပေမယ့် ဘယ်ဘက်ကမှ စစ်ရေးအရ အနိုင်ရမယ့်ပုံ မတွေ့ရသေးပါဘူး။ တဖက်နဲ့တဖက် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေချိန်မျိုးမှာ လူသားတွေရဲ့ ဒုက္ခကတော့ ဆက်ပြီး ဆိုးဝါးနေဉီးမှာ ဖြစ်တယ်လို့ ဘီဘီစီသတင်း ထောက်အော်လာ ဂူရင်က မြင်တွေ့ချက်တွေကို ပြောပြသွားပါတယ်။