တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်နှစ်(၉၀)ပြည့်ပွဲလုပ်

  • 30 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ချင်းပစ် ဒုံးလက်နက်သစ်အပါအဝင် စစ်လက်နက်အသစ်တွေကို ပထမဆုံး ပြသခဲ့

တရုတ်သမ္မတ ရှီဂျင်ပင်းက စစ်ပြောက်ကျားဝတ်စုံဝတ်ပြီး တက်ရောက်ခဲ့တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှစ် ၉၀ ပြည့်ပွဲကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုးလီးယားဒေသမှာ ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ် ဒုံးလက်နက်သစ်အပါအဝင် စစ်လက်နက်အသစ်တွေကို ပထမဆုံး ပြသခဲ့ပါတယ်။

ဒီအခမ်းအနားကို စစ်သား တသောင်းနှစ်ထောင် တက်ရောက်ခဲ့ပြီး ဒီတပ်သားတွေဟာ ရိုးရိုးဝတ်စုံနဲ့ မဟုတ်ပဲ သမ္မတဝတ်သလိုပဲ တိုက်ပွဲဝင် ပြောက်ကျားဝတ်စုံတွေကို ဝတ်ဆင်ပြီး စစ်ရေးပြ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၄၉ တရုတ်ကွန်မြူနစ်တော်လှန်ရေး ပြီးကတည်းကစပြီး ပထမဆုံး ဒီလိုလုပ်တာလို့လည်း ဆင်ဟွာသတင်းဋ္ဌာနက ကြေညာထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီး ပြန်လည်တခတ်စန်းပြီး ကြီးပွားလာဖို့အရေးဟာ အခုခေတ်မှာ ဘယ်ခေတ်ကနဲ့မှ မတူအောင် နီးစပ်လာတဲ့အတွက် ပြည်သူ့တပ်မတော်ရဲ့ အင်အားကိုလည်း တရုတ်နည်းတရုတ်ဟန်ကို အသုံးပြုပြီး ပါတီလမ်းညွှန်ချက်နဲ့အညီ ဘယ်ခေတ်ကနဲ့မှ မတူအောင် အားကောင်းလာရေး လုပ်ဖို့ လိုနေပြီလို့ မစ္စတာ ရှီဂျင်ပင်းက မိန့်ခွန်းပြောခဲ့ပါတယ်။

မစ္စတာ ရှီဂျင်ပင်းက ကမ္ဘာကြီးဟာ မငြိမ်းချမ်းသေးဘူးလို့ ပြောဆိုခဲ့ပေမယ့် တောင်တရုတ်ပင်လယ်က နယ်နမိတ် အငြင်းပွားမှုအရေး၊ ထိုင်ဝမ်အရေးတို့ အပါအဝင် မြောက်ကိုရီးယားက ဒုံးလက်နက်တွေ စမ်းသပ်နေတဲ့ ကိစ္စလို အခြေအနေတွေကိုတော့ ထည့်သွင်းပြောဆိုတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် KCNA
Image caption နောက်ဆုံး စမ်းသပ်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ဟာ ကီလိုမီတာ ၆၇၀ဝ အထိ ရောက်အောင် ပစ်နိုင်

မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးလက်နက် စမ်းသပ်မှုကိုတော့ ရှုံ့ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားခဲ့ပြီး တောင်ကိုရီးယားဘက်က ဒုံးခွင်းဒုံးပစ်စင် အရေအတွက် တိုးမြှင့်ပြီး တုန့်ပြန်တာကိုတော့ တရုတ်လုံခြုံရေး ခြိမ်းခြောက်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယားကို လက်နက် အစီအစဉ်တွေ ရပ်ဆိုင်းရေးအတွက် တရုတ်ရဲ့ လုပ်ဆောင်မှုတွေ မလုံလောက်သေးဘူးလို့ ဝေဖန်ထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ ဆွေးနွေးမှုတွေကို ဒီနှစ် အစောပိုင်းမှာ စလုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းကာလမှာပဲ မြောက်ကိုရီးယားဘက်က တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး စမ်းသပ်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ဟာ ကီလိုမီတာ ၆၇၀ဝ အထိ ရောက်အောင် ပစ်နိုင်ပြီး အမေရိကန်က အဓိကမြို့တွေကို ပစ်နိုင်တယ်လို့ အနောက်နိုင်ငံက ပညာရှင်တွေကလည်း အတည်ပြုခဲ့ပါတယ်။

အခုလို အတည်ပြုပြီး နောက်တနေ့ဖြစ်တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ ဒီစမ်းသပ်မှုကို တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန်လေယာဉ်တွေနဲ့ ပူးပေါင်းပြီး အမေရိကန် ဘီဝမ်း ဗုံးကြဲလေယာဉ်တွေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်လို့လည်း ပစိဖိတ်ဒေသ အမေရိကန် စစ်ဋ္ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။