အကြမ်းဖက်မှုတွေရှိပေမဲ့ မဲလာထည့်သူ ၈ သန်းကျော်ရှိ ကြောင်းဗင်နီဇွဲလား ကြေညာ

  • 31 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကာရာကတ်စမြို့က လုံခြုံရေးအတားအဆီးတခု ဖျက်ဆီးခံထားရပုံ

ဆန့်ကျင်ဆန္ဒပြမှုနဲ့ အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ ဥပဒေသစ်ပြုရေးအတွက် ရွေးကောက်ပွဲမှာ မဲလာထည့်သူ ၄၁ .၅ ရာခိုင်နှုန်း ရှိတယ်လို့ ဗင်နီဇွဲလားရဲ့ ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားကောင်စီ က ကြေညာပါတယ်။

အဲဒီရာခိုင်နှုန်းဟာ မဲဆန္ဒရှင် ၈ သန်းကျော်လောက်မဲထည့်တယ်ဆိုတဲ့ သဘောဆောင်ပါတယ်။

အတိုက်အခံတွေဘက်ကတော့ မဲဆန္ဒရှင် ၈၈ ရာခိုင်နှုန်းကျော်ဟာ မဲလာမထည့်ကြဘူးလို့ ပြောဆိုပါတယ်။ မဲလာထည့်သူ ၁၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ အတိုက်အခံတွေကပြောသလို ဒီနေ့ တနင်္လာမှာ ဆန္ဒပြမှုတွေ ပိုမိုပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦးလောက် သေဆုံးခဲ့ရပါတယ်။

သမ္မတ မာဒူရိုကတော့ ရွေးကောက်ပွဲအောင်နိုင်မှုနဲ့ ပတ်သက်လို့ အောင်ပွဲခံခဲ့ပြီးဖြစ်ပါတယ်။

ဗင်နီဇွဲလားရဲ့ ဥပဒေသစ်အရ အခြေခံ ဥပဒေသစ်ပြန်ရေးရမှာဖြစ်ပြီး အခြေခံဥပဒေသစ်ရေးပြီးရင် အတိုက်အခံတွေကြီးစိုးနေတဲ့ ကွန်ကရက်ကို အလေးထားစရာမလိုတော့ပဲ ကျော်ဖြတ်နိုင်တော့မှာဖြစ်ပါတယ်။

မာဒူရိုကတော့ အခုအခြေအနေဟာ လပေါင်းများစွာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး မတည်မငြိမ်ဖြစ်ခဲ့ကာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေမှုအပေါ် ပြန်လည်တည့်မတ်ထူထောင်ပေးဖို့ အကောင်းဆုံး အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ဗင်နီဇွဲလားအနေနဲ့ ခုလို ဥပဒေ ရေးဆွဲရေး ရွေးကောက်ပွဲပြုလုပ်မှုမှာ အကြမ်းဖက်မှုတွေအထိ ဖြစ်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရတာပါ။

အမေရိကန်အစိုးရဘက်ကတော့ အခုအချိန်ဟာ ဗင်နီဇွဲလားရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ရေနံနဲ့ လောင်စာဆီ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု အသစ်တွေ ပြုလုပ်ဖို့ စဉ်းစားရမဲ့ အချိန်ဖြစ်တယ်လို့ ပြောပါတယ်။ မာဒူရိုရဲ့ အစိုးရအဖွဲ့ဝင် ၁၃ ဦးကလည်း ပိတ်ဆို့အရေးယူမှုတွေ ယခင်ကတည်းက လုပ်ထားခဲ့တာပါ။

ကုလသမဂ္ဂရဲ့ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကတော့ ဒီရွေးကောက်ပွဲဟာ အာဏာရှင် စနစ်ကို ဦးတည်စေမဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။