တူရကီအာဏာသိမ်းမှု စွပ်စွဲခံရသူတွေ အမှုစစ်

  • 1 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် TUMAY BERKIN
Image caption သံသယ တရားခံတွေကို လှမ်းပြီး အော်ဟစ် ရှုတ်ချသူတွေ ရှိနေ

တူရကီနိုင်ငံမှာ မနှစ်တုန်းက အာဏာသိမ်းမှုမှာ ပါတယ်လို့ စွပ်စွဲခံရတဲ့ လူ ၅၀၀ တို့ရဲ့အမှု စတင်စစ်ဆေးနေပါတယ်။

အာဏာသိမ်းပွဲကို ခေါင်းဆောင်တယ်လို့ မသင်္ကာသူ ၄ဝ တို့ အင်ကာရာမြို့တော် တရားရုံးကို အစောင့်ရောက်လာတဲ့အခါ အစိုးရကို ထောက်ခံသူတွေနဲ့ အဲဒီတုန်းက သေဆုံးသွားတဲ့ မိသားစုတွေက လက်ထိပ်ခတ်ထားသူ တွေကို တွန်းကြ ထိုးကြတဲ့ မြင်ကွင်းမျိုးတွေ တွေ့ရပါတယ်။

အမေရိကန်မှာရောက်နေတဲ့ အဓိက မသင်္ကာသူ ဘာသာရေးခေါင်းဆောင် ဖာတူလာ ဂူလန် အပါအဝင် လူအချို့ကို မျက်ကွယ်မှာ တရားစီရင်ခဲ့ပါတယ်။

တူရကီမြို့တော် အင်ကာရာရဲ့ အပြင်ဘက်မှာ အထူးတည်ဆောက် ထားတဲ့ တရားရုံးမှာ လူ ၅ဝဝ နီးပါးကို သမ္မတ အာဒိုအန်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည် ကြိုးစားမှုနဲ့ တပြိုင်နက် တရား စီရင်မှာ ဖြစ်ပါတယ်။

တရားရုံး ရှိရာဆီ အဲဒီ သံသယ တရားခံ လူအုပ်ကြီးကို စီတန်း ခေါ်ဆောင် လာပုံကို သိပ်ပြီး စိတ်လှုပ်ရှားစဖွယ် တွေ့မြင် နေခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် ADEM ALTAN
Image caption အစောင့်အကြပ် နှစ်ယောက် ဆီက ဘယ်ညာ ဘေးနှစ်ဘက် ထိန်းချုပ် ခေါ်

ရုံးတင်မယ့် သူတွေကို လက်ထိပ်ခတ်ထားပြီး အစောင့်အကြပ် နှစ်ယောက် ဆီက ဘယ်ညာ ဘေးနှစ်ဘက် ထိန်းချုပ် ခေါ်လာကြသလို သေနတ်ကိုင် စစ်သား တဦးကျစီလည်း ဘေးမှာ အသင့်အနေအထားနဲ့ လိုက်ပါ လာကြပါတယ်။

ဒီကြားထဲကပဲ ဒီ သံသယ တရားခံတွေကို လှမ်းပြီး အော်ဟစ် ရှုတ်ချသူတွေ ရှိနေပါတယ်။

သေဒဏ်၊ သေဒဏ် ဆိုတာ အပါအဝင် အော်ဟစ် ကြိမ်းမောင်း နေကြ သူတွေဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့မှု အတွင်း သေဆုံး ခဲ့ရသူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုး မိတ်သင်္ဂဟတွေ၊ အခု လက်ရှိ သမ္မတ အာဒိုအန် အစိုးရ အပေါ် ထောက်ခံ ကြသူတွေ ဖြစ်ပါတယ်။

၂ဝ၁၆ ဇူလိုင်လလယ် တုန်းက ဖြစ်ပေါ် ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှုနဲ့ ပတ်သက်ပြီး အခု ကြားနား စီရင်မှုဟာ အကြီးအကျယ်ဆုံး ပြုလုပ် လာတာ ဖြစ်ပါတယ်။

ဒီ ရုံးထုတ်မှုမှာ အဓိက အာရုံစိုက်မှာ ကတော့ အာဒိုအန်ကို ဖယ်ရှားလိုသူတွေရဲ့ ဌာနချုပ် အဖြစ် ယူဆ ထားတဲ့ အာခင်ဂျား လေတပ်စခန်းမှာ ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတဲ့ အပေါ် အဓိက ထား ကြားနာ စီရင်မှာ ဖြစ်ပါတယ်။

အာဒိုအန် အစိုးရ ယူဆ ထားတာ ကတော့ သမ္မတ ဖယ်ရှား ဖြုတ်ချဖို့ လုပ်ဆောင် နေချိန်မှာ တပြိုင်တည်း ပါလီမန် အဆောက်အဦကိုပါ ဗုံးကြဲဖို့ အမိန့်ကို အဲဒီ အာခင်ဂျား လေတပ်စခန်း ကနေ ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ တပ်တွင်း ထကြွမှုကြောင့် အရပ်သား ၂၄၉ ယောက်လည်း သေဆုံး ခဲ့ရပါတယ်။

အဲဒီ ပုန်ကန် ထကြွမှု၊ အာဒိုအန်ကို ဖယ်ရှားရေး ကြံစည်မှု မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်ပိုင်း အစိုးရက လူတွေ ထောင်ပေါင်း များစွာကို ဖမ်းဆီးခဲ့ပါတယ်။

နောက်ပြီး ဒီ ကြံစည်ကြိုးစားမှုရဲ့ နောက်ကွယ်မှာ အမေရိကန်မှာ နေထိုင်နေတဲ့ ဘာသာရေး ဆရာ ဖာတူလာ ဂူလန် ရှိနေတယ် ဆိုပြီးတော့လည်း ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် SELAHATTIN SEVI
Image caption အဝေးရောက် ဖာတူလာ ဂူလန်

အခု တရားခွင်မှာလည်း ဖာတူလာ ဂူလန် ကိုယ်တိုင် ရှိမနေ ပေမယ့် မျက်ကွယ် တရားစီရင်မယ်လို့ ဆိုပါတယ်။

မစ္စတာ ဂူလန် ဘက်ကတော့ စွပ်စွဲမှုတွေ အားလုံးကို ငြင်းဆိုထားပြီး အာဒိုအန် အစိုးရဟာ မနှစ်က ဖြစ်ရပ်ကို အသုံးချပြီး နိုင်ငံရေး ပြိုင်ဘက်တွေ၊ အတိုက်အခံတွေ အားလုံးကို ဖိနှိပ် ကွပ်ညပ်ဖို့ လုပ်ဆောင် နေတယ်လို့ တုံ့ပြန် ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ